ကျွန်ုပ်သည် အလုပ်ပိတ်ရက်များတွင် ကာဖီဆိုင်၌ တစ်ကိုယ်တည်း စာထိုင်ဖတ်လေ့ရှိသည်။ ဒီတစ်ခေါက်ဖတ်မိသည်မှာ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများ ဖြစ်သည်။ အလွန်ကောင်းသော စာတစ်အုပ် ဖြစ်၏။ ထို့ကြောင့် ၎င်းစာအုပ်အကြောင်း ပြန်လည် မျှဝေရန် ဆန္ဒရှိသည်နှင့်အညီ မဆိုင်းဘဲ ချရေးလိုက်သည်မှာ အောက်ပါအတိုင်းပင် ဖြစ်လေသည်။

အမျိုးသားပညာဝန် ဦးဖိုးကျားအကြောင်းကို ကျွန်ုပ်တို့ ငယ်စဉ်ကပင် အတန်းကျောင်း၌ လေ့လာခဲ့ကြဖူး၍ အတန်သင့် သိကြပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အကျယ်တဝင့် မဖော်ပြလိုပေ။ သို့ငြား ဦးဖိုးကျားအကြောင်း လေ့လာလိုပါက အလွယ်ရှာနိုင်ရန် ဝီကီပီးဒီးယားလင့်ခ်ကို ဖော်ပြပေးလိုက်ပါသည်။ အမျိုးသားပညာဝန် ဦးဖိုးကျား - ဝီကီပီးဒီးယား

ဦးဖိုးကျားသည် ဝတ္ထုတို၊ ဝတ္ထုရှည်အပြင် ဆောင်းပါး၊ စကားပြေ၊ အတ္ထုပ္ပတ္ထိများ အမြောက်အမြား ရေးသားခဲ့သည်။ ကျွန်ုပ်ဖတ်ရှုခဲ့​သော ဤစာအုပ်သည် ဦးဖိုးကျားရေးသားခဲ့သော အချို့ကိုယ်တွေ့ ဝတ္ထုများကို ပြန်လည် စုစည်းထားခြင်း ဖြစ်သည်။ ဝတ္ထုတိုပေါင်း ၁၉ ပုဒ် မျှပါဝင်သည်။ တန်ဖိုးမှာ ငွေ ၂၀၀၀ ကျပ်ဖြစ်၏။ စာအုပ် မျက်နှာဖုံးပုံကိုတော့ဖြင့် တယ်မကြိုက်လှပေ။

အရေးအသား

မြန်မာစာနှင့် မြန်မာမှုကို စေ့စေ့ငုငုလေ့လာခဲ့သည့်အလျှောက် ဦးဖိုးကျား၏ စာများသည် ရှင်းလင်းပြတ်သား၍ နားလည်ရန် အင်မတန်လွယ်ကူသည်။ အကွန့်အညွန့်နည်းပါး၏။ စာကြောင်းရှည်များကို သုံးခဲလှသည်။ ဝါကျဖွဲ့ပုံမှာလည်း တိုတိုတုတ်တုတ်နှင့် ထိရောက်လှသည်။ ဝေါဟာရကြွယ်ဝပြီး စကားလုံး အထားအသိုများ စံနစ်ကျခြင်းကြောင့် စာဖတ်သူမှာ မပင်ပန်းလှချေ။ အပြန်အလှန် စကားပြောများကိုလည်း အလျင်းသင့်သလို ထည့်သွင်း ရေးသားထား၏။ စာဖတ်နေရသည်နှင့်မတူ မိမိကိုယ်တိုင်ပင် ဧကန်ဒိဋ္ဌ ဖြစ်ပျက်နေသည်ကဲ့သို့ ရှိလေသည်။

စာပေရေးသားထားပုံမှာ အချို့ဝတ္ထုများ၌ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည် ထုတ်ဖော်သည့် ပထမလူနေရာမှ ရေး၏။ အချို့မူကား တစ်ဆင့်ပြန်လည်ပြောပြသည့် တတိယလူနေရာမှ ရေး၏။ နေရာဒေသ တစ်ခုခုကို အမှူးပြုထားသော ဝတ္တုပုံစံမျိုးလည်း ပါသည်။ လူပုဂ္ဂိုလ် သို့မဟုတ် အကျင့်စရိုက်တစ်ခုခုကို အမှူးပြုထားခြင်းမျိုးလည်း ပါ၏။ ဦးဖိုးကျားသည် စာပေးအရေးအသား၌ ကျင်လည်လှပေသည်။

အကြောင်းအရာများ

ကိုယ်တွေ့ဝတ္ထုများဖြစ်သော်လည်း အဆုံးသတ်များကား ကြည်နူးဖွယ်များ ဖြစ်လေ၏။ ကျွန်ုပ်မှာ ဝတ္ထုတစ်ပုဒ်ပြီးတိုင်း ပီတိဖြစ်လျက် သန္တရသကို ကောင်းစွာ ရလေသည်။ ထို့အတူ ဗဟုသုတလည်း တိုးစေ၏။ ဝတ္ထုများမှတဆင့် ဦးဖိုးကျား၏ စိတ်နေသဘောထားကိုလည်း သိရသည်ဖြစ်ရာ ကျွန်ုပ်မှာ များစွာ လေးစားအားကျစိတ် ဝင်မိလေသည်။

ကိုယ်တွေ့ဝတ္ထုများဖြစ်ရကား ၎င်းတို့ခေတ်ကာလ၏ အငွေ့အသက်ကို များစွာမြင်ရသည်။ ခေတ်ကို ထင်ဟပ်စေသော ဝတ္ထုများဖြစ်ပေသည်။ ထို့ပြင်တဝ မြန်မာတို့၏ စိတ်နေသဘောထားမှအစ နိုင်ငံရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်းတို့အထိ ကောင်းစွာ သိရှိနိုင်ပေသည်။ အပြန်အလှန် စကားပြောများမှတဆင့် ထိုခေတ်မြန်မာတို့၏ ဒေသအလိုက် စကားလုံး သုံးနှုန်းပုံတို့ကိုလည်း လေ့လာနိုင်သည်။

ကျွန်ုပ်နှင့် ဦးဖိုးကျား

ကိုယ်တွေ့ဝတ္ထုများမှတဆင့် ဦးဖိုးကျား၏ မြန်မာပီသ​သော အမျိုးသားစိတ်ဓာတ်ကို မြင်ရသည်။ မိမိလူမျိုးများ ကောင်းစားရေး၊ စာပေနှင့် ယဉ်ကျေးမှု အဆင့်အတန်း နှိမ့်ပါးမသွားရေး၊ သမိုင်းနှင့် ဓလေ့ထုံးထမ်းများ မှေးမှိန်မသွားရေးတို့အတွက် စွမ်းစွမ်းတမံ ကြိုးစားတတ်ကြောင်း မြင်ရသည်။ ဆည်းပူးသင်ကြားခဲ့သော ပညာများကို မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် အပြည့်အဝ အသုံးချခဲ့သည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တင်နိုင်ရန် တတ်အားသမျှကြိုးစားခဲ့သည်။

ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများ ဖတ်မိသောအခါ ကျွန်ုပ်သည် ဝံသာနုစိတ်ဓာတ်များ နိုးကြားလာပြီးလျှင် မိမိကိုယ်မိမိ အပြစ်ရှိသည်ဟု ခံစားလာရသည်။ အကယ်စင်စစ် မိမိမှာ အသိပညာ၊ အတွေးအခေါ်များ ရှိပါလျက် အများအတွက် အသုံးမချမိ။ နိုင်ငံတော်မှ ပေးအပ်သည့် ဘွဲ့လက်မှတ်ကလေး ပြကာပြကာဖြင့် အလုပ်ရရန်သာ ကြံမိသည်။ အဖွဲ့အစည်းများတွင် ဝင်ရောက်စွက်ဖက်ရန်လည်း အင်မတန်ဝန်လေးသည်။ နိုင်ငံ့အကျိုး သယ်ပိုးရန်ကား ဝေးစွ။

အချုပ်ဆိုရသော် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများသည် ဖတ်ဖွယ်ကောင်းသော စာတစ်အုပ်ဖြစ်သည်။ ဖတ်မိ၍ အကျိုးမယုတ်သော စာတစ်အုပ်ဖြစ်သည်။ ထို့ကြောင့် အများသိစေရန် ဆက်သွယ်ရေးကွန်ယက်ပေါ်သို့ မျှဝေလိုက်ရပေသည်။