Reinvent the wheel ဆိုတဲ့စကားလုံးက Development နယ်ပယ်မှာ အဆဲခံရသလို နာတဲ့စကားလုံးပါ။ အဓိပ္ပာယ်ကတော့ ရှိပြီးသား အရာတစ်ခုခုကို အစအဆုံး ပြန်လုပ်တာလို့ ဆိုလိုပါတယ်။

RebornCMS

Professional Web Developer အနေနဲ့ စပြီး အလုပ်လုပ်တော့ Customer Project တွေကို PyroCMS တို့ Fuel Framework တို့ကို သုံးပြီး ရေးခဲ့ကြတယ်။ PyroCMS မှာ ကိုယ်ပိုင် module တွေ Develop လုပ်ပြီး ရေးခဲ့ကြပေမယ့် သူ့ရဲ့ ဘောင်ထက်ကျော်တာတွေ လိုလာတော့ ကိုယ်ပိုင် System တစ်ခုကို Develop လုပ်ခဲ့ကြတယ်ပေါ့။ နောက်ပိုင် ဒီ System ကို Opensource ပေးဖို့ ဆုံဖြတ်လိုက်ကြပြီး RebornCMS ဆိုတဲ့ နာမည်နဲ့ publish လုပ်လိုက်တယ်။ ကိုယ့်အဖွဲ့ရဲ့ ပထမဆုံး Product တစ်ခုဖြစ်ခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် RebornCMS က နတ်ကြီးတယ်၊ နာမည်စီးတယ်ပြောရမယ်။ ပြဿနာတွေ အများကြီးကြုံခဲ့၊ အကြိမ်ကြိမ် ပြန်လည်မွေးဖွာခဲ့ပြီး အခုတော့ Project က သေနေတာ ကြာခဲ့ပြီ။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က Web Developer အဖြစ်ကနေ နှုတ်ထွက်ပြီး ယောင်ခြာခြာနဲ့ Tourism Field ထဲရောက်လိုက်၊ Delivery လုပ်လိုက်၊ ဆပ်ပြာသည်ဖြစ်လိုက် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဘယ် Field ကိုရောက်​ပြီး ဘာအလုပ်ပဲ လုပ်နေနေ Web Development ကိုက မမေ့နိုင်ဘူး ဖြစ်နေတယ်။ နည်းပညာ သတင်းတွေ အမြဲနားစွင့်နေသလို အယားပြေလေးတော့ ကုဒ်တွေ အမြဲနီးပါး ရေးဖြစ်နေတာပဲ။ ကိုယ်တကယ်ကျွမ်းကျင်တဲ့ အလုပ်ဖြစ်တဲ့အပြင် လူငယ်ခြေတက်အချိန်မှာ စိတ်ခွန်အားအပြည့်နဲ့ လုပ်ခဲ့တဲ့ အလုပ်လည်း ဖြစ်နေတာကိုး။

တခြားအလုပ်တွေ လုပ်နေတုန်းက Web Development တို့ နည်းပညာတို့နဲ့ ဝေးခဲ့သလောက် အခု Business Analyst အဖြစ် Innovation Department အောက်မှာ လုပ်ရတော့ နည်းပညာနဲ့ တော်တော်လေး ပြန်ပြီး နီးစပ်လာတယ် ပြောရမယ်။ ကိုယ့် Department က ကုမ္ပဏီရဲ့ Digital Transformation ကို အဓိက ဖော်ဆောင်ပေးနေရတော့ နည်းပညာ ပေါင်းစုံကို လေ့လာနေရသလို နည်းပညာကုမ္ပဏီတွေနဲ့လည်း လက်ပွန်းတတီး ရှိလာတယ်။ အဲ့ဒီမှာပဲ ကိုယ့်မှာ အနှစ်နှစ်အလလ ကိန်းအောင်းနေတဲ့ Development ပိုးက ထဖောက်လာပါရော။ ကုဒ်တွေရေးပြီး Project တွေ ပြန်လုပ်ချင်လာတယ်။

ဒါနဲ့ ကိုယ်တွေလုပ်ခဲ့တဲ့ Product ထဲမှာ ကြီးကြီးမားမား မှတ်မှတ်ထင်ထင် ရှိနေတဲ့ RebornCMS ကို ပြန်အသက်သွင်းချင်တယ်ဆိုတဲ့ စိတ်ကဖြစ်လာရော။ ဒီရည်ရွယ်ချက်နဲ့ပဲ RebornCMS ရဲ့ မူရင်း Developer တွေကို ဆက်သွယ်​ပြီး ပြန်လုပ်ကြမလားလို့ စကားတောက်ကြည့်တယ်။ ဒါပေမယ့် အောင်မြင်စွာ ဆုတ်ခွာခဲ့ရတယ်။ PHP ကို ဆက်မသုံးတော့တဲ့သူတွေရယ်၊ အဆက်အသွယ်မရတော့တဲ့သူတွေရယ်၊ စိတ်မပါတော့တဲ့သူတွေရယ်ကြားမှာ ကိုယ်တစ်ယောက်သာ Reborn ကို ပြန်အသက်သွင်းဖို့ စိတ်အား ထက်သန်နေတာကို ဝမ်းနည်းစွာနဲ့ လက်ခံလိုက်ရတယ်။

Reborn ကို ပြန်အသက်သွင်းမယ်ဆိုတော့ ခေါင်းထဲမှာ မေးခွန်းတွေ အများကြီးပေါ်လာတယ်။

  • ဒီ Project ကနေ ပိုက်ဆံဝင်နိုင်လား
  • အလားတူ Project တွေ ရှိပြီးသားကို Reinvent the wheel လုပ်ဖို့ လိုလို့လား
  • လူတွေကရော ဒီ Project ကို သုံးကြမှာလား
  • အလားတူ နာမည်ကြီး Publishing Platform တွေလောက် ကောင်းအောင် လုပ်နိုင်မှာ မို့လို့လား
  • Value Added သို့မဟုတ် Unique Feature တစ်ခုခု ထည့်ပြီး Develop လုပ်နိုင်မှာလား
  • Developer တွေက လာ​ပြီး Contribute လုပ်ကြမှာမို့လို့လား

မေးခွန်းတွေ အများကြီးပေမယ့် ခေါင်းထဲမှာ တကယ်ပေါ်လာတဲ့ အဖြေက တစ်ခုတည်း။ လုပ်ချင်လို့ လုပ်တာ။ Project ကနေပိုက်ဆံ ဝင်အောင် လုပ်ဖို့လည်း စိတ်ကူးမရှိသလို အလားတူ Project တွေကို လိုက်ယှဉ်နေဖို့လည်း စိတ်ကူးမရှိဘူး။ ဒီ Project ကဘယ်လောက် Strong and Powerful ဖြစ်သလဲ ဆိုတာတွေ မသိချင်ဘူး။ အောင်မြင်ရင်ဘယ်လို မအောင်မြင်ရင်ဘယ်လို ဆိုတာမျိုးတွေ မတွေးထားဘူး။

ရေးချင်စိတ်ရှိနေလို့၊ ကိုယ်ဟာကိုယ် ဂုဏ်ယူ ကျေနပ်နေချင်လို့ဆိုတဲ့ ခံစားချက်တစ် ခုနဲ့သာ ဒီ Project ကို ဆက်လုပ်ဖြစ်ပါတယ်။

ရေးချင်စိတ်ရှိနေလို့၊ ကိုယ်ဟာကိုယ် ဂုဏ်ယူ ကျေနပ်နေချင်လို့ဆိုတဲ့ ခံစားချက်တစ် ခုနဲ့သာ ဒီ Project ကို ဆက်လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် RebornCMS repo အောက်မှာမဟုတ်ဘဲနဲ့ yansnote ဆိုတဲ့ Community တစ်ခုလုပ်ပြီး ဆက်ရေးဖြစ်တယ်။ ရုံးချိန်လွတ် အားတဲ့အချိန်လေး ရေးရတာဆိုတော့ နေ့တိုင်းတော့ Commit တွေမတက်ဘူး။ Commit တွေ တင်နိုင်တဲ့နေ့ဆိုရင်တော့ စိတ်ထဲမှာ အလိုလိုနေရင်း ပီတိတွေဖြစ်နေတတ်တယ်။

ကိုယ့်ရဲ့ အဖီးလ်တစ်လိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။ ဒီ Post ကို ဝင်ဖတ်ဖြစ်တယ်၊ PHP developer လည်း ဖြစ်တယ်ဆိုရင် Yan's Note community မှာ contribute လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။