Blog ရေးမယ်လို့ စဉ်းစားခဲ့တာ တော်တော်လေး ကြာခဲ့ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ဘဲ အခုမှ အကောင်အထည် ဖော်ဖြစ်တယ်။ Blog ရေးမယ်ဆိုတော့ ပထမဆုံး စဉ်းစားဖြစ်တာက ကိုယ့်ကိုယ်ပိုင် Blog တစ်ခုပဲ လုပ်ရမလား၊ Medium လိုမျိုး ရှိပြီးသား Platform တစ်ခုခုပေါ်မှာပဲ တက်ရေးမလားပေါ့။ ကိုယ်က Developer တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့အတွက် Standard ဖြစ်တဲ့ Unicode နဲ့ ရေးချင်တယ်၊ ဝင်ဖတ်တဲ့သူရှိရင်လည်း အဆင်ပြေပြေ မြင်ရစေချင်တယ်ဆိုတော့ ကိုယ်ပိုင် Blog တစ်ခု လုပ်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။

Yan’s Note ဆိုတဲ့ Blog တစ်ခု ဖြစ်လာဖို့အတွက် အတားအဆီး အခက်အခဲ နည်းနည်းတော့ ရှိခဲ့ပါတယ်။ Web Developer တစ်ယောက် ဖြစ်ခဲ့ဖူးအလျှောက် နောက်ဆုံးပေါ်နည်းပညာတွေ သုံးချင်တယ်၊ ထူးထူးခြားခြားဖြစ်အောင် လုပ်ချင်တယ်။ အသစ်ထွက်တဲ့ နည်းပညာတိုင်းကလည်း တစ်ခုမဟုတ် တစ်ခု ပိုကောင်းနေကြတာချည့်ပဲ ဆိုတော့ အကုန်လုံး လိုက်စမ်းသုံးကြည့်နေတာက အချိန်အတော် ကုန်သွားပါတယ်။ နောက်ဆုံး အကောင်းဆုံး နည်းပညာဆိုတာတွေကို မရှာတော့ဘဲ အသင့်တော်ဆုံးလို့ထင်တဲ့ Ghost နဲ့ပဲ ဒီ Blog လေးကို တည်ဆောက်ဖြစ်သွားတယ်။

Blog တစ်ခုလုပ်ဖို့အတွက် နာမည်စဉ်းစားရတာလည်း အတော်ခေါင်းခဲတဲ့ ကိစ္စတစ်ခုပါပဲ။ နာမည်က ရိုးရင်းရမယ်၊ ကိုယ့်ကို ကိုယ်စားပြုရမယ်ပေါ့။ စဉ်းစားလို့က ရပါရဲ့ Domain Name က မရပြန်ရင်လည်း မဖြစ်ပြန်ဘူးဆိုတော့ နောက်ဆုံး ရန်နိုင်ရဲ့ ရေးချင်ရာရေးမယ့် မှတ်စုစာအုပ်လေး Yan’s Note ဆိုပြီး ပေးဖြစ်သွားတယ်။ ဒါတောင် ကိုယ့်သူငယ်ချင်းရဲ့ Blog - K Note နဲ့ တူနေပြန်ရော။ တတ်နိုင်ဘူးလေ အဆင်ပြေတာက ဒါပဲရှိတော့တာကိုး။

Yan’s Note ဆိုတဲ့ နာမည်အတိုင်း မှတ်စုစာအုပ်တစ်အုပ်လို ဘယ်အကြောင်းအရာကို အဓိကထားမယ်လို့ မရှိဘဲ ရေးချင်တာ အကုန်ရေးဖို့ ရည်ရွယ်ထားပါတယ်။ ကိုယ်သိထား လေ့လာထားတဲ့ အကြောင်းအရာလေးတွေ ပြန်မျှဝေမယ်၊ ကိုယ်သွားခဲ့တဲ့ ခရီးလေးတွေအကြောင်း ပြန်ပြောမယ်၊ ကိုယ့်ခံစားချက်တွေရေးမယ်၊ ကိုယ်လျှောက်ဆွဲထားတဲ့ Design လေးတွေ အခမဲ့ ပြန်ပေးချင်ပေးမယ်ပေါ့။ ဒီလောက်ပါပဲ။ ရေးချင်ရာရေးမယ့် ကိုယ်ပိုင်မှတ်စုလေး ဆိုပေမယ့် ဝင်ဖတ်တဲ့သူ ရှိခဲ့ရင်လည်း တစ်ခုခုတော့ ရသွားအောင် ရေးမယ်လို့ စဉ်းစားထားပါတယ်။

ပထမဆုံး မှတ်စုတစ်ခု အနေနဲ့ကတော့ ဒီလောက်ပါပဲ။