ခါးပတ်တော်မှာ ရွှေချည်စုံ၊
မှိုင်းလုံးရွ ဝတ်လုံ၊
မလုံသာချမ်းအေးမြ၊
ထိပ်ပန်းပန်ငယ် မြင်းခင်းကပါလို့လေး။

အလှငယ်လာမည့်လမ်းကို မျှော်ယောင်တမ်းလို့လေး၊
ယမန့်ယမန်လယ်တွင် မြင်ပါလိုက်တဲ့ မယ့်ထိပ်တင်၊
မြင်တဲ့မြင်းဖြူရှင်၊
သျှောင်တွင်လေးတင့်ဆုံး
နားမှာလေ ပန်းကြက်ရုံးငယ်နှင့်လေး။

သျှောင်လုံးနားတွင် အပြည့်သာဆင်၊
မြင်ပင်မြင်ပစ်လိုက်ပါစလေး
ရွှေနန်းသူ ငယ်မူငယ်ရာသားနှင့်
သနားချစ်စရာ။

တျာချင်း
အမည်မသိရှေးစာဆို

မြန်မာ့သမိုင်းမှာ ခေတ်တွေနဲ့ ပတ်သက်ပြီး ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင် ၂ ခေတ်ခွဲလို့ ငယ်ငယ်က ကျက်မှတ်ခဲ့ကြဖူးပါတယ်။ ဒီခေတ်တွေထဲမှာ ပင်းဆိုတဲ့ ပင်းယခေတ်လည်း အပါအဝင် ဖြစ်ပါတယ်။ သို့ပေမယ့် ခေတ်ကြီးတစ်ခေတ်လုံးကို ကျွန်တော်တို့တွေ မေ့လျော့ထားခဲ့ကြသလိုပါပဲ။ ပင်းယနေပြည်တော် ဘယ်နားမှာ ရှိသလဲဆိုတာ သိတဲ့သူတော်တော် ရှားပါတယ်။

ပင်းယ

ယင်းယနေပြည်တော်ကို မင်းကြီး သီဟသူက ကောဇာသက္ကရာဇ် ၆၇၄ ခုနှစ် တပေါင်းလဆန်း ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့မှာ တည်ခဲ့တာဖြစ်ပါတယ်။ နန်းတည်နှစ်ကို "သော်တာလ၊ ပင်းယတည်သည့် တစ်စီးရှင်" ဆိုတဲ့ စာချိုးနဲ့ မှတ်လို့ရပါတယ်။ မင်းဆက် ၆ ဆက်စိုးစံခဲ့ပြီး နန်းတော်သက် ၅၁ နှစ် ရှိပါတယ်။ မြို့တည်တဲ့အချိန်မှာ ပေးခဲ့တဲ့ နာမည်ရင်းက ဝိဇယပူရ ဖြစ်ပါတယ်။ နန်းတည်ဖို့ မြေရှင်းချိန်မှာ မြေကြီးထဲက ရွှေပန်းခိုင်ရခဲ့လို့ ပန်းရလို့ ခေါ်ရာကနေ ပင်းယ ဆိုပြီး ပြောင်းလဲလာတယ်လို့ သိရပါတယ်။ တည်နေရာကတော့ အင်းဝမြို့ဟောင်းရဲ့ တောင်ဖက် ယွန်းယွန်း၊ စကားအင်းရွာနားမှာပါ။ စကားအင်းရွာရော ပင်းယရော Google Map မှာ မရှိတဲ့အတွက် ရှာရတာ နည်းနည်းခက်ပါတယ်။

အမြန်လမ်းကတဆင့် စကားအင်းရွာဖက်ကို ချိုးဝင်လိုက်တယ်ဆိုရင်ပဲ ထနှောင်းပင်တွေနဲ့ အုပ်ဆိုင်းနေတဲ့ လမ်းကလေးကို စပြီးတွေ့ရပါတယ်။ အညာဒေသရဲ့ ပြယုဂ်တစ်ခုပါပဲ။ အညာမြေနံ့သင်းသင်းကို ရှူရှိုက်ရင်း လမ်းကလေးအတိုင်း ဆက်ဝင်လာခဲ့ရင် ပထမဆုံးတွေ့ရမှာက ဂူကြီးသုံးလုံးဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Website မှာတော့ ဂူကြီးသုံးလုံးကို ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက ဖော်ထုတ်ထိန်းသိမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂူကြီးသုံးလုံး

ကျောက်စာတိုင်မှာ မြင်ရသလိုပါပဲ ဂူကြီးသုံးလုံးနဲ့ပတ်သက်လို့ တိကျရေရာတဲ့ သမိုင်း အထောက်အထား မတွေ့ရပါဘူး။ ဗိသုကာ လက်ရာအားဖြင့် ပညာရှင်မဟုတ်တဲ့ သာမန်လူတစ်ယောက်အတွက်တော့ ပုဂံခေတ် လက်ရာတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ သဘာဝဒါဏ်တွေကြောင့် နေရာ တော်တော်များများ ပြိုကျ ပျက်စီးနေပြီး အမိုးမှာ ခြုံတွေ မြက်တွေ ပေါက်နေပါတယ်။

ဂူကြီးသုံးလုံးမှ ကျန်ရှိနေသော စင့်ကွင်း

စင့်ကွင်းတွေက ခေတ်တစ်ခေတ်ရဲ့ ဗိသုကာလက်ရာကို ကောင်းကောင်းဖော်ပြနိုင်တာဖြစ်လို့ တန်ဖိုးထား ထိန်းသိမ်းသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီဂူကြီးသုံးလုံးမှာတော့ စင့်ကွင်းတွေ တော်တော်များများ ပျောက်ဆုံးနေပြီး ၁၀ ရာခိုင်နှုန်းအောက်သာ ကျန်ပါတော့တယ်။ ကျန်နေတဲ့ စင့်ကွင်းတွေလည်း သေချာမထိန်းသိမ်းရင် သိပ်မကြာခင်မှာပဲ အားလုံးကုန်သွားမယ့် သဘောမှာ ရှိနေပါတယ်။

ဂူကြီးသုံးလုံးမှ လက်ကျန် ပန်းတော့လက်ရာများ

ပုံကို ကြည့်ရင် တစ်ချိန်က ဒီလိုအုတ်ရိုးတွေမဟုတ်ဘဲ အပေါ်ယံမှာ အင်္ဂတေကိုင်ထားတယ်လို့ ယူဆရပါတယ်။ အခုလက်ရှိမှာတော့ အင်္ဂတေတွေ ဘာမှမကျန်တော့သလောက်ပါပဲ။ ခပ်သေးသေးကျန်နေတဲ့ လက်ရာတွေကို ကြည့်ရင် ပင်းယခေတ်မှာ ပန်းတော့ ပညာရပ်လည်း အတော်ထွန်းကားခဲ့လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

ပင်းယရွှေစည်းခုံ

ပင်းယရွှေစည်းခုံ

ရွှေစည်းခုံဆိုပေမယ့် ပုဂံက ရွှေစည်းခုံနဲ့သိပ်တော့ မတူပါဘူး။ စေတီပုံစံကတော့ လေးထောင့်ပန္နက်မှာ ပစ္စယံ သုံးဆင့်တင်ထားတဲ့ ပုံမျိုးဖြစ်ပါတယ်။ ထောင့်စေတီ လေးဆူရှိပြီးတော့ အလယ်မှာ နတ်လှေခါးလေးစင်း ရှိပါတယ်။ ထုထည်နဲ့ ဉာဏ်တော်အမြင့်ကို အတိအကျမသိရပေမယ့် မြင်နေကျ စေတီတွေထက် တော်တော်မြင့်ပြီး တော်တော်ကြီးပါတယ်။

ပင်းယအောင်စည်းခုံ

ပုံစံအရတော့ ပင်းယခေတ် ပုံစံဆိုပေမယ့် ကျန်တာအကုန်လုံးကတော့ ဒီဖက်ခေတ်လက်ရာတွေ ချည့်ပါပဲ။ သဘာဝဒါဏ်တွေကြောင့် ပြိုကျပျက်စီးခဲ့တာတွေကို နဂိုပုံစံအတိုင်း အကုန်ပြန်ပြင်ထားတဲ့ပုံပါ။ မနုဿီဟတွေကတော့ နဂိုလက်ရာတွေကို ဆေးပြန်သုတ်ထားတာ ထင်တယ်။ ပတ်ဝန်းကျင် ရှုခင်းတွေကို ဘုရားပေါ်တက်ကြည့်လို့ ရပေမယ့် အိုဟောင်းနေတဲ့ ရှေးဟောင်းဘုရားတွေပေါ် မတက်သင့်ဘူးထင်လို့ တက်မကြည့်ခဲ့ပါဘူး။

လမ်းဘေးမှာ တွေ့လို့ ဝင်ကြည့်ဖြစ်တဲ့ ရေကန်ပါ။ ပင်းယအကြောင်း ရှာဖတ်ကြည့်သလောက်တော့ ဒီရေကန်နဲ့ ပတ်သက်တဲ့ အထောက်အထား တစ်ခုမှ မတွေ့ရပါဘူး။ မုခ်ဦးမှာရေးထားတဲ့အတိုင်း ဆိုရင်တော့ ရွှေစည်းခုံဘုရားအတွက် မျက်နှာသစ်တော်ရေ ကပ်ဖို့ လုပ်ထားတဲ့ကန်လို့ ယူဆရပါတယ်။

နန်းဦးစေတီနဲ့ ပင်းယနန်းတော်ရာကတော့ အုတ်ပုံအနေနဲ့ပဲ ရှိတော့တာမို့လို့ မသွားဖြစ်ခဲ့ပါဘူး။

လက်ကျန်အတွေးစများ

ဒီနေရာတွေက အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်တဲ့အရာတွေဖြစ်သလို ခရီးသွားလုပ်ငန်းနဲ့လည်း နိုင်ငံဝင်ငွေ ရှာနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ယိုးဒယားတွေက ဘာသမိုင်းမှမရှိတဲ့ ရွာဦးစေတီ သေးသေးလေးကိုတောင် ခရီးသွားဆွဲဆောင်ရာ နေရာဖြစ်အောင်လုပ်နိုင်ကြတယ်။ ကျွန်တော်တို့ဆီမှာ သမိုင်းအစဉ်အလာကြီးမားတဲ့ နေရာတွေတောင် လူမသိသူမသိနဲ့ ပျက်စီး ပျောက်ပျက်ကုန်ကြတယ်။ သက်ဆိုင်ရာက ထိန်းသိမ်းတယ်ဆိုပေမယ့် ဘတ်ဂျက်မလောက်တာ၊ လျော့တိလျော့ရဲဖြစ်လွန်းတာ၊ စံနစ်တကျ ထိန်းသိမ်းနိုင်မှု အားနည်းတာတွေကြောင့် မထိရောက်လှပါဘူး။ လူတွေရဲ့ စည်းကမ်းမဲ့မှု၊ အလေးမထားတတ်မှု၊ တန်ဖိုးမထားတတ်မှုတွေကလည်း အမွေအနှစ်တွေကို ပိုပြီးမြန်မြန်ပျက်ဆီးစေပါတယ်။ ပင်းယမှာတော့ တချို့နေရာတွေမှာလို ကွန်ဒုံးတွေ တားဆေးတွေ ပစ်ထားတာမတွေ့ရလို့ အတော်လေး စိတ်သက်သာရာရမိပါတယ်။

ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ရိုးရာ၊ သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သက်ဆိုင်ရာ အစိုးရမှာတင် တာဝန်ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်စီကိုယ်စီမှာလည်း တာဝန်ရှိပါတယ်။ ပြည်သူတစ်ယောက် အနေနဲ့  ဒီလိုအရာတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

  • ဟောင်းနွမ်းလှပြီဖြစ်တဲ့ ရှေးဟောင်း အဆောက်အဦတွေပေါ်ကို မတက်တာ
  • ကားတွေကို တတ်နိုင်သလောက် ရှေးဟောင်းအဆောက်အဦတွေနဲ့ ဝေးတဲ့နေရာမှာ ရပ်တာ
  • စည်းကမ်းမဲ့ အမှိုက်မပစ်တာ
  • ရှေးဟောင်း ပစ္စည်းပစ္စယတွေကို လက်နဲ့ ကိုင်တွယ်ပွတ်သပ်တာမျိုး မလုပ်တာ
  • မင်ဖျက်ဆေးတွေ၊ ထောက်ချွန်တွေ၊ ဓားတွေနဲ့ နံရံတွေပေါ်မှာ လျှောက်မရေးတာ

ဒါတွေ လိုက်နာရုံနဲ့တင် ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ အိမ်သာတို့၊ စားသောက်ဆိုင်တို့ အဆင်တပြေ မရှိပေမယ့် မြို့ပြရဲ့မွန်းကျပ်မှုဒါဏ်တွေကို ခနတာရှောင်ရှားဖို့ သင့်တော်တဲ့နေရာတစ်ခုပါ။ လူသိနည်းတဲ့အတွက် တိတ်ဆိတ်အေးဆေးတယ်။ ရာဇဝင်ထဲကို အလည်သွားရတာဖြစ်လို့ ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို ခနတာတော့ စိတ်ဝင်စားသွားစေတယ်။ ဓာတ်ပုံဝါသနာအိုးတွေအတွက်လည်း အတော်လေး အဆင်ပြေတယ် (ရိုက်ချင်တာဖြစ်ဖြစ်၊ အရိုက်ခံချင်တာဖြစ်ဖြစ်)။ ဒါကြောင့် ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ပင်းယမြို့ဟောင်းကို စည်းကမ်းတကျလေး သွားလည်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

21.785877, 95.979617