Central Base က နောက်ထပ် Masterpiece တစ်ခု ထွက်လာပြန်ပြီဆိုတော့ ကြည့်ဖြစ်အောင် ကြည့်မယ်ဆိုပြီး တေးထားခဲ့တာ ၉ ရက်နေ့ညမှာတော့ ကြည့်ဖြစ်သွားတယ်။ ခီမောင်နှံရဲ့ ထူးခြားကွဲပြားတဲ့ တင်ဆက်မှုတွေကြောင့် မကြည့်ခင်ကတည်းက ကောင်းမယ်လို့ မှန်းထားပြီးသား။ လူမှုကွန်ယက်တွေမှာလည်း ကောင်းသတင်းက မွှေးနေတာကိုး။ အခု ကြည့်ပြီးသွားပြီဆိုတော့ ဝေဖန်ရေး လေကန်ရေးလေး လုပ်ရအောင် ဒီသုံးသပ်ချက် (review) ကို ရေးဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီး ဖြစ်လာတဲ့ ရင်ထဲက ခံစားချက်လေးတွေပေါ့။

အထင်ကြီးထားတဲ့အတိုင်း ကြည့်ဖူးနေကြ သာမန်မြန်မာကားတွေနဲ့ (ဇာတ်ကားတိုင်းကို မဆိုလိုပါ) မတူဘဲ ကွဲထွက်နေတယ်။ အသိသာဆုံးက ခံစားချက်တွေပဲ။ ခံစားချက်တွေကို စကားလုံးနဲ့ မဖော်ပြဘူး။ မျက်ဝန်းတွေကတဆင့်၊ မျက်နှာတွေကတဆင့်၊ အမူအယာတွေကတဆင့် ဖော်ပြတယ်။

သရုပ်ဆောင်

ဇဏ်ခီ

ဇဏ်ခီဆိုတာကတော့ ကိုယ်ကိုယ်တိုင် နဂိုကတည်းက အားပေး၊ လေးစားပြီးသား အနုပညာရှင် တစ်ယောက်ပါပဲ။ သရုပ်ဆောင်တာမှာ Technique တွေရှိတယ်၊ သီအိုရီရှိတယ် ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဇဏ်ခီဖြေတာ နားထောင်ဖူးတယ်။ သရုပ်ဆောင်ဆိုတာ အနုပညာပါရမီပါမှတို့၊ မွေးရာပါ Talent တို့ ပြောနေကြတဲ့ အသိုင်းအဝိုင်းထဲမှာ ဒီလို Smart ကျကျ အတွေးအခေါ်ရှိတဲ့ ဇဏ်ခီကို လေးစားမိတာ မဆန်းပါဘူး။ ကြည့်ဖူးတဲ့ ဇာတ်ကား ၂ ကားလုံးမှာ ဇဏ်ခီက ဒီနည်းလမ်းတွေကို အသုံးချတာ တွေ့ရတယ်။ အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့တာ တွေ့ရတယ်။

ဒါပေမယ့် ရုပ်ရှင်ကြည့် ပရိတ်သတ် တစ်ယောက်အနေနဲ့ သူကြိုးစားပြီး သရုပ်ဆောင်ထားတယ်ဆိုတာကို မသိရချင်ဘူး။ သူလေ့လာထားတဲ့ Technique တွေကို သုံးနေတယ် (သို့) သုံးဖို့ကြိုးစားနေတယ်ဆိုတာကို မသိရချင်ဘူး။ ပြောချင်တာက သရုပ်ဆောင်နေသလို မဟုတ်ဘဲ တစ်သားတည်း ဖြစ်နေစေချင်တာ။ ကိုယ့်အနေနဲ့ သုံးသပ်ရရင်တော့ သဘာ နည်းနည်းလိုနေတယ်လို့ မြင်မိတယ်။ ဒီလောက် Smart ကျတဲ့လူတစ်ယောက်ဆီကနေ ကိုယ်မျှော်လင့်ထားသလောက် မထွက်လာဘူး ဖြစ်နေတယ်။

ပိုင်ဖြိုးသု

သူ့ဇာတ်ကားတွေကိုတော့ မကြည့်ဖူးလို့ သူ့အခြေအနေကို မသိဘူး။ ဒီကားထဲမှာတော့ တော်တော်ကြီး ကောင်းတယ်လို့ သုံးသပ်မိတယ်။ ဇာတ်ကားရဲ့ အသက်က သူ့ဆီမှာ ရှိနေတယ်လို့တောင် ပြောလို့ရတယ်။ အသံမပါဘဲ ခံစားချက်တွေ ဖော်ထုတ်တဲ့ နေရာမှာ အောင်မှတ်တင်မက ဂုဏ်ထူးပါထွက်သွားတယ်။ တစ်ကားလုံးနီးပါး အကောင်းဆုံး လုပ်ပြသွားနိုင်တယ်။

ဇာတ်ပို့၊ ဇာတ်ရံ

အရံတွေထဲမှာလည်း သရုပ်ဆောင် ကောင်းတဲ့လူ မတွေ့မိဘူး။ အဓိက ဇာတ်ပို့ဖြစ်တဲ့ ဒေါက်တာမျိုးကိုရဲ့ သရုပ်ဆောင်က ခံစားချက် ပျောက်နေသလိုပဲ။ စိတ်အသေကြီးဖြစ်နေတယ်လို့ ခံစားရတယ်။ ယွန်းသန္တာရဲ့ သရုပ်ဆောင်ကိုလည်း မကြိုက်ဘူး။ ကြိုးစားအားထုတ်မှုတွေကိုတော့ အသိအမှတ် မပြုလို့ မရပါဘူး။

Dialogue

သတိထားမိသလောက် Dialogue တွေက အရမ်း အသက်မဝင်ဘူး။ ဝင်းဦးတို့ခေတ်က ဇာတ်ကားတွေလို နည်းနည်း ပြတ်တောင်း ပြတ်တောင်းဖြစ်နေတာက တစ်ချက်။ နောက်တစ်ချက်က သရုပ်ဆောင်ကြောင့်လား Dialogue ကြောင့်လားတော့ မသိဘူး ဇာတ်ကောင်တွေက ရင်ဘတ်ချင်း အရမ်းဝေးနေတယ်။ သူငယ်ချင်းတွေကြား၊ သမီးရည်းစား၊ သားအမိကြား ပြောဆို ဆက်ဆံတာတွေက အရမ်းဝေးနေတယ်။ စကားမပြောတဲ့အခန်းတွေက ပိုပြီး အသက်ဝင်နေတယ်။

Directing & Camera

Directing နဲ့ Camera အယူအဆကို ကွဲကွဲပြားပြားမသိလို့ ပေါင်းရေးလိုက်ပါမယ်။ Composition တွေက Central Base ရဲ့ ဇာတ်ကားတိုင်းမှာ Perfect ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ Perspective လည်း ပြောစရာ မရှိအောင် မိုက်တယ်။ Background အရမ်းရှုပ်တဲ့ နေရာတွေမှာ Bokeh တွေ Blu-ray တွေ လုပ်ထားတာလည်း သတိထားမိတယ်။ Exposure ကလည်း အပိုအလိုမရှိ ကွက်တိ။ Lighting ပိုင်းမှာတော့ Scene တစ်ခုလောက်မှာ သိပ်သဘောမကျတာလေး တွေ့မိတယ်။ ကားနောက်ခန်းမှာ ထိုင်နေတဲ့ ပိုင်ဖြိုးသုရဲ့ Shadow က နည်းနည်း ပြင်းနေတယ်။ ဒါပေမယ့် Totally Ignore လုပ်လို့ရတဲ့ အခြေအနေပါ။ Color ကလည်း Hollywood ဇာတ်ကား ကြည့်ရသလောက်ကို ကောင်းနေတာပဲ။

မိတ်ကပ်၊ အဝတ်အစား

တော်တော် သဘာဝကျတဲ့ မိတ်ကပ်အပြင်အဆင်ပါပဲ။ အိမ်နေရင်းပုံစံ၊ အပြင်သွားတဲ့ ပုံစံ၊ အိပ်ယာထစပုံစံ (ဆံပင်အပါအဝင်) အကုန်လုံး သဘာဝကျတယ်။ တခြားလိုအပ်တဲ့နေရာတွေမှာ ပြင်ဆင်ထားတဲ့ မိတ်ကပ် အထူးပြုလုပ်ချက်တွေလည်း တော်တော်လေး ကောင်းတယ်။ ကင်မရာကောင်းကောင်းနဲ့ သဘဝမိတ်ကပ်နဲ့ဆိုတော့ တစ်ခါတစ်ခါ ဇာတ်ကောင်တွေရဲ့မျက်နှာမှာ ချွေးပေါက်တွေတောင် အတိုင်းသား မြင်နေရတယ်။ အဝတ်အစား ဝတ်တဲ့ပုံတွေလည်း တော်တော် သဘာဝကျတယ်။ တချို့ အခန်းတွေမှာ အင်္ကျီတွေ တွန့်နေ၊ ကြေနေတာကအစ သေသေချာချာကို ဂရုတစိုက် ပြင်ဆင်ထားတာ တွေ့ရတယ်။ အိမ်နေရင်း အဝတ်စားသစ်ကို တစ်နေ့ ၄ မျိုးလောက်ပြောင်းဝတ်ပြီး မိတ်ကပ်နဲ့ နှုတ်ခမ်းနီနဲ့ အိပ်ယာထတဲ့ ဇာတ်ကားတွေထဲကနေ ဆွဲထုတ်ပေးလို့ အတော်ကျေးဇူးတင်မိတယ်။

ဝတ္ထု၊ ဇာတ်ညွှန်း

ဝတ္ထုနဲ့ ဇာတ်ညွှန်းကိုလည်း ကွဲကွဲပြားပြား မသိလို့ ပေါင်းရေးလိုက်ပါတယ်။ ဇာတ်ကားက ရုပ်ရှင်ကားကြီး ဖြစ်ပေမယ့် ဝတ္ထုကတော့ ဝတ္ထုတို တစ်ပုဒ်စာလောက်ပဲ ရှိတယ်။ ဇာတ်လမ်းရဲ့ အနှစ်အသားက တော်တော်လေးနည်းပြီးတော့ ပံ့ပိုးထားတဲ့ ဇာတ်ကွက်တွေက (filler လို့ ခေါ်သလား မသိဘူး) များနေတယ်။ အရမ်းရိုးစင်းပြီး မှန်းရလွယ်တဲ့ ဝတ္ထုတိုလေးကိုပဲ စိတ်ဝင်စားအောင် ရိုက်ပြမယ်ဆိုတဲ့ သတ္တိကိုတော့ ချီးကျူးရမယ်။ တချို့ဇာတ်ကွက်တွေမှာ မြန်မာနိုင်ငံရဲ့ လက်တွေ့ လူနေမှုပုံစံနဲ့ ကင်းကွာနေတာမျိုးတွေတော့ တွေ့ရတယ်။

Equipments

ဇာတ်ကား စပြတဲ့အချိန်မှာ ချက်ချင်း သတိထားလိုက်မိတာ Frame Rate ပဲ။ Frame Rate က နည်းနေတယ်။ 30 FPS လောက်လို့ ထင်ရတယ်။ ရိုက်ကတည်းက ဖြစ်တာလား ရုပ်ရှင်ရုံရဲ့ Projector ကပဲ Full HD (သို့) 4K HD ကို Frame Rate များများနဲ့ မပြနိုင်တာလား မပြောတတ်ဘူး။ နောက်တစ်ခုက Drone။ Profession Drone ဆိုတာ သပ်သပ်ရှိသလားတော့ မသိဘူး။ ဒါပေမယ့် ဒီမှာ မြင်ရတဲ့ Drone ရိုက်ချက်တွေမှာ Motion က Smooth မဖြစ်ဘူး။ နောက်ဆုံး Scene မှာ တော်တော်လေး သိသာတယ်။ သူငယ်ချင်းတစ်ယောက်ဆီမှာရှိတဲ့ အပျော်တမ်း Drone မှာလည်း အဲ့လို အခြေအနေမျိုး မြင်ဖူးတယ်။

အားလုံးခြုံပြီး ပြောရရင်တော့ ကိုယ်မျှော်လင့်သလောက် မဟုတ်ပေမယ့်လည်း ကောင်းပါတယ်ပေါ့။ ပိုက်ဆံပေးပြီး ကြည့်ဖို့ ထိုက်တန်တဲ့ ဇာတ်ကား တစ်ကားပါပဲ။ ခီမောင်နှံအနေနဲ့ မြန်မာ ပရိတ်သတ်ကို Culture တစ်ခု မောင်းနှင်ပေးဖို့ ကြိုးစားနေတယ်လို့ မြင်တယ်။ ဓာတ်ကြမ်းတိုက်တဲ့နည်းကို မသုံးစေချင်ပေမယ့် တစ်သက်စာ ဇာတ်ကား ၁ဝ ကားပဲ ရိုက်မယ်လို့ ဆုံးဖြတ်ထားတော့လည်း။ အောင်မြင်ပါစေပဲ ပြောရမှာပေါ့။

အပေါ်မှာ ရေးခဲ့သမျှ အားလုံးက သာမန် ရုပ်ရှင်ကြည့် ပရိတ်သတ်တစ်ယောက် အနေနဲ့ စိတ်ထဲမှာ ခံစားမိတာကို ချရေးရုံ သက်သက်ပဲ ဖြစ်ပါတယ်။ ချစ်ခြင်း မုန်းခြင်းကို အခြေခံထားတာ မဟုတ်ပါဘူး။ Central Base (သို့) ခီမောင်နှံအနေနဲ့ (ဖြစ်တောင့်ဖြစ်ခဲ) ဒီပို့စ်ကို ဖတ်မိခဲ့ရင် ပရိတ်သတ်တစ်ယောက်ရဲ့ အပြုသဘောဆောင် ဝေဖန်ချက်လို့ လက်ခံပြီး ပိုကောင်းတဲ့ ဖန်တီးမှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

​ပြောချင်တာတွေ ကျန်နေသေးပေမယ့် Spoil ဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါမယ်။

စာကြွင်း - ဇာတ်ကားအတွက် စိုက်ထုတ်ထားတဲ့ ငွေကြေးနဲ့ အချိန်အရင်းအနှီးအပြင် စိတ်ခွန်အား၊ လူခွန်အား၊ ပညာခွန်အား၊ ဉာဏခွန်အားတွေကို လေးစားသောအားဖြင့် မူရင်းဇာတ်ကားကိုသာ အခကြေးငွေ ပေးပြီးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Attribution

Cover Photo — Now and Ever - ထာဝရနှောင်ကြိုး Facebook Page