လူသားတစ်ယောက်အဖြစ် ရှင်သန်နေထိုင်လာခဲ့တာ အခုဆိုရင် ၂၈ နှစ်ရှိခဲ့ပြီ။ ဒီ ၂၈ နှစ်အတွင်းမှာ ကောင်းတာရော၊ မကောင်းတာရော အတွေ့အကြုံတွေလည်း အတော်လေး စုံခဲ့ပြီ။ ကျောင်းမျိုးစုံတက်ပြီး လုပ်ငန်းမျိုးစုံ လုပ်ခဲ့ဖူးတော့ လူမျိုးစုံ၊ အထက်လူကြီးမျိုးစုံ၊ ဆရာသမား မျိုးစုံနဲ့လည်း တွေ့ဆုံခဲ့ဖူးပြီ။

ကြုံဆုံခဲ့ရတဲ့ လူတွေထဲမှာ တခုပ်တရ ထုတ်နုတ်ပြီး ရေးချင်တာကတော့ ငါ့အိုင်ဒီယာက အကောင်းဆုံး၊ ငါ့ဟာက အကောင်းဆုံး၊ ငါ့ … က အကောင်းဆုံးဆိုတဲ့ အတွေးအခေါ်နဲ့ လူတွေအကြောင်းပါ။ လူတစ်ယောက်အတွက် ငါ့ဟာက အကောင်းဆုံးဆိုတဲ့ အတွေးအခေါ်ဟာ ဘယ်သူ့ကိုမှ ထိခိုက်မသွားပါဘူး။ ဒီအတွေးက ရောင့်ရဲတတ်ခြင်း တစ်မျိုးလို့ မြင်ပါတယ်။ ကိုယ့်ဟာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အကောင်းဆုံးလို့ ထင်နေတဲ့အတွက် စိတ်ချမ်းသာရပါတယ်။

ကိုယ့်ဟာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အကောင်းဆုံးလို့ ထင်နေတဲ့အတွက် စိတ်ချမ်းသာရပါတယ်။

ဒီလိုအတွေးအခေါ်ရှိတဲ့သူတွေနဲ့ ပတ်သက်လို့ သတိထားမိတဲ့ အချက်တစ်ခုက သူတို့က ခပ်ထုံထုံ၊ ခပ်ညံ့ညံ့ထဲက မဟုတ်ကြပါဘူး။ ကိုယ်လုပ်တဲ့အလုပ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြသလို အကောင်းဆုံးတွေကိုလည်း လိုချင်ကြတဲ့ သူတွေပါ။ ကိုယ့်ကိုယ်ကိုလည်း မညံ့မှန်းသိကြတဲ့အတွက် တော်ရုံလူကို အထင်ကြီးလေ့ မရှိပါဘူး။ ဒီလို အခြေအနေတွေကပဲ မတူ ကွဲပြားတဲ့ အမြင်တွေကို မသိစိတ်က လက်မခံဘူး ဖြစ်လာပါတယ်။ တော်ရုံ အကြောင်းအရာတွေကို ဆရာမပါဘဲ ကိုယ့်ဟာကို လေ့လာနိုင်နေတော့ ပညာသင်ယူတဲ့အခါ ကိုယ့်ရှေ့မှာ သင်နေတဲ့ဆရာက ကိုယ့်ထက်တတ်တယ်လို့ မယုံကြည်တော့ဘူး။ ပညာသင်ယူရာမှာ အခက်အခဲ ရှိလာပါတယ်။

အပေါ်မှာ ပြောခဲ့သလို လူတစ်ယောက်အတွက် ဒီအတွေးတွေက သာမန် အခြေအနေမှာ တခြားလူတွေကို မထိခိုက်ပါဘူး။ သို့ပေမယ့်လို့ အဖွဲ့စည်းတစ်ခု တိုးတက်ပြောင်းလဲဖို့ ပူးပေါင်းလုပ်ဆောင်ကြတဲ့အခါ ဒီအတွေးအခေါ်က အခက်အခဲ ဖြစ်လာစေပါတယ်။ တခြားလူတွေရဲ့ အမြင်ကို လက်မခံတော့ဘဲ မိမိ idea သာ ကောင်းတယ် မှန်တယ်ထင်နေတတ်တဲ့အတွက် ပူးပေါင်းအင်အားလို့ခေါ်တဲ့ Synergy ရဖို့ ခက်ခဲပါတယ်။ ဒီအထဲမှာမှ ဒီလူဟာ အထက်လူကြီး သို့မဟုတ် ဆရာ၊ ဆရာမ ဖြစ်နေတဲ့အခါ ပိုဆိုးပါတယ်။ မြန်မာ့ဓလေ့စရိုက်အရ အထက်လူကြီး၊ ဆရာသမားတွေကို ခံငြင်းတယ်ဆိုတာ အတော်လေး ရှားပါတယ်။ ရှိခဲ့ရင်တောင် အထက်လူကြီးက ငါ့ idea သာ အကောင်းဆုံးဆိုတဲ့ လူမျိုးဖြစ်နေရင် အောက်လက်ငယ်သားတွေ၊ တပြည့်တွေဆီက အတွေးအမြင်သစ်၊ idea သစ်တွေကို မရနိုင်ပါတော့ပါဘူး။

ကိုယ်ကိုယ်တိုင်မှာလည်း ဒီလိုစိတ်၊ အတွေးအခေါ်မျိုး အနည်းငယ်ရှိနေတာကို သတိထားမိပါတယ်။ ကိုယ့်ရဲ့ အထက်လူကြီး (သို့မဟုတ်) ဆရာသမားဆီမှာ ဒီလိုအတွေးအခေါ်မျိုး ရှိနေတာကို သဘောမကျတဲ့အတွက် ကိုယ်တိုင် အထက်လူကြီး ဖြစ်လာတဲ့အခါမှာ ဒီလို အတွေးအခေါ်မျိုးမရှိနေဖို့ အခုကတည်းက ကြိုတင်လေ့ကျင့်ထားရမယ်လို့ ဆုံးဖြတ်ချက် ချမိပါတယ်။