ထုံးစံအတိုင်း နှစ်တစ်နှစ် ကုန်ဆုံးသွားပြီးရင် ကောင်းတာ၊ ဆိုးတာ၊ ပျော်တာ၊ စိတ်ညစ်တာ ဖြစ်ပျက်ခဲ့တာတွေကတော့ အများကြီးပေါ့။ ၂၀၁၈ ကလည်း ပြီးခဲ့တဲ့ နှစ်တွေလိုပဲဘဝရဲ့ သာမန် အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ ကုန်ဆုံးခဲ့ပြန်ပါတယ်။ အဲ့ဒီထဲကမှ ပြန်စဉ်းစားလိုက်ရင် မှတ်မှတ်ထင်ထင် ဖြစ်နေတာလေးတွေကို အကျဉ်းချုံး ပြန်သုံးသပ်ကြည့်ရရင် ...

အလုပ်အကိုင်

နည်းပညာနယ်ထဲကနေ ထွက်လာပြီး ယောင်ချာချာနဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်ထဲ ၁ နှစ်ကျော်လောက် ခြေချခဲ့တယ်။ နောက်ပိုင်းတော့ ဒီနယ်ပယ်ဟာ ကိုယ့်အတွက်မဟုတ်ဘူးလို့ သိလာတယ်။ ဒါနဲ့ပဲ Carrier ထပ်ပြောင်းဖြစ်ခဲ့တယ်ပေါ့။ လက်ရှိလုပ်နေတဲ့ Business Analyst ကတော့ ကိုယ့်နဲ့လုံးဝ ကိုက်ညီတယ်လို့ ခုထိတော့ ယုံကြည်နေတယ်။ ကိုယ်စိတ်ပါတဲ့အလုပ် ဖြစ်တဲ့အပြင် ပိုကောင်းတဲ့အလုပ်၊ ပိုကောင်းတဲ့ ဝင်ငွေ၊ ပိုကောင်းတဲ့ လုပ်ငန်းအဖွဲ့အစည်းမှာ ပြောင်းလဲ လုပ်ကိုင်ရတဲ့အတွက် ပိုကောင်းတဲ့ ဘဝကိုရခဲ့တယ်လို့ ယုံကြည်တယ်။

ခရီးသွားခြင်း

နှစ်တိုင်း ခရီးတွေ သွားဖြစ်ပေမယ့် ၂၀၁၈ မှာတော့ ထူးထူးခြားခြား ပြည်ပခရီးတွေပါ သွားဖြစ်ခဲ့တယ်။ ပထမဆုံးအကြိမ် ဗီယက်နမ်မြောက်ပိုင်းကို Tour Leader အဖြစ် လိုက်သွားရတာကတော့ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ ဘာလို့ဆိုတော့ နောက်ထပ် Tour Leader ထပ်မလိုက်ဖြစ်တော့ဘူးလေ။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ သွားခဲ့တဲ့ ခရီးတွေ အားလုံး တစ်မျိုးစီ ပျော်ဖို့ကောင်းသလို တကယ့်အမှတ်တရ အချိန်တွေပါပဲ။ ခရီးတစ်ခါထွက်လေ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာလေပဲဆိုတော့ ခရီးထွက်ရတာ တန်ဖိုးမဖြတ်နိုင်တဲ့သူတွေကို ပျော်ပျော်ကြီး ရှာနေရသလိုပေါ့။

နိဂုံးချုပ်ရရင်တော့ ၂၀၁၈ ဟာ ပျော်စရာတွေ များခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။ လဲကျနေရာကနေ ပြန်လည်ရုန်းထလာနိုင်တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သင်ထားခဲ့တဲ့ ပညာတွေ ကြိုးစားခဲ့တဲ့ အချိန်တွေက လာမယ့်နှစ်တွေမှာ ပိုပြီး အကျိုးပေးလာမယ်လို့ ယုံကြည်တယ်။