ကြိုင်သင်းဆိုတာ နန်းရှေ့ ရေနီမြောင်း အနောက်ဖက် သိပ်မဝေးတဲ့နေရာ ၁၉ လမ်းပေါ်မှာ ရှိတဲ့ လဘက်ရည်ဆိုင်။ နန်းရှေ့သားမှန်ရင် ကြိုင်သင်းကို မသိတဲ့သူမရှိဘူး။  ကိုယ်တွေ မူလတမ်းလောက်ကတည်းက ကြိုင်သင်းဆိုတဲ့ နာမည်ကို ကောင်းကောင်း ရင်းနှီးလာခဲ့တာပဲ။ ဒါပေမယ့် ငယ်သေးတော့ ကျန်တဲ့ ခံစားချက်တွေ မသိဘူး လူကြီးတွေနဲ့ လိုက်သွားရင် လဘက်ရည်သောက်ရတယ်၊ မုန့်စားရတယ် ဒါပဲသိတယ်။ လဘက်ရည်ဆိုင် မထိုင်တတ်သေးတဲ့ အရွယ်ပေ့ါ။

လဘက်ရည်ဆိုင်ထိုင်တာကို ကျွန်တော်ကတော့ ယဉ်ကျေးမှု တစ်ခုလို့ ယူဆတယ်။ ရန်ကုန်မှာက လဘက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုမရှိဘူး။ မှတ်မိသေးတယ် ရန်ကုန်က အသိတစ်ယောက်နဲ့တွေ့လို့ လဘက်ရည်ဆိုင် ထိုင်ရအောင်ဆိုပြီးသွားတာ။ သူက လဘက်ရည်ခွက်ကို ၄ ကျိုက်လောက်နဲ့ ကုန်အောင် သောက်ပစ်လိုက်တာပဲ။ ပြီးတော့ မိနစ် ၂၀ လောက်ထိုင်ပြီးတော့ သွားစို့တဲ့။ ကိုယ့်မှာ ဟင်ခနဲဖြစ်သွားတယ်။

လဘက်ရည်ဆိုင် ထိုင်တယ်ဆိုတာရဲ့ တကယ့်အဓိပ္ပာယ်က လဘက်ရည်သောက်တာ တစ်ခုတည်း မဟုတ်ပါဘူး။ ကဗျာဆန်ဆန် စာဆန်ဆန် ပြောရရင်​တော့ လဘက်ရည်ဆိုတာ ခံစားချက်တွေ၊ ခံယူချက်တွေ၊ မျက်ဝန်းတွေ၊ ယုံကြည် ရင်းနှီးမှုတွေကို အချိုးကျကျ ထည့်ဖျော်ထားတဲ့ ပျော်ရည်တစ်ခုပဲ။ ဒါကို မိနစ် ၂၀ တည်းနဲ့ ၄ ကျိုက်လောက်နဲ့ သောက်ပစ်လိုက်တယ်ဆိုတာ လဘက်ရည်တစ်ခွက်ရဲ့ တန်ဖိုးကို ဖျက်ဆီးလိုက်သလိုပဲပေ့ါ။ မင်းလူရဲ့ ထိုင်ပါရစေဆိုတဲ့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်တယ်။ လဘက်ရည်ဆိုင် ယဉ်ကျေးမှုကို နားလည်သွားအောင်လို့။

လဘက်ရည်ဆိုတာ ခံစားချက်တွေ၊ ခံယူချက်တွေ၊ မျက်ဝန်းတွေ၊ ယုံကြည်ရင်းနှီးမှုတွေကို အချိုးကျကျ ထည့်ဖျော်ထားတဲ့ ပျော်ရည်တစ်ခုပဲ
Photo - Aung Myo Min, Wai Yan Htoon

ရန်ကုန်ရောက်ပြီးနောက်ပိုင်း ရန်ကုန်က လဘက်ရည်တွေနဲ့ ရင်းနှီးလာတာရော၊ မန္တလေးပြန်တိုင်း လဘက်ရည်ဆိုင် အသစ်တွေပဲ ထိုင်ဖြစ်လာတာရောနဲ့ ကိုယ်ရင်းနှီးခဲ့ဖူးတဲ့ လဘက်ရည်ရဲ့ အရသာကို လုံးဝ မေ့သလောက်ဖြစ်နေခဲ့ပြီ။ အဖွားက ခြံကြီးရောင်းပြီး အမွေပေးလိုက်ကတည်းက နန်းရှေ့ဆိုတာလည်း ဝေ‌တေဝါးတား ဖြစ်နေပြီ။ တလောကမှ မန္တလေးပြန်ရင်း သူငယ်ချင်းတွေနဲ့အတူ ကြိုင်သင်းဖက် ခြေဦးလှည့်ဖြစ်ခဲ့တယ်။

ကြိုင်သင်း

ဆေးဖြူဖြူသုတ်ထားတဲ့ တိုင်တွေ၊ ထုပ်တန်းတွေက ငယ်ငယ်က မြင်နေကျ ပုံစံအတိုင်း ရှိနေသေးတယ်။ တော်တော်များများ အလွတ်ရခဲ့တဲ့ ‌ဩဝါဒတွေ၊ ဆောင်ပုဒ်လေးတွေလည်း ခုထိ ချိတ်ထားတုန်းပဲ။ ဆိုင်ရဲ့ထူးခြားချက်တစ်ခုဖြစ်တဲ့ စားပွဲကြီးကြီးတွေနဲ့ ခုံတန်းရှည်တွေကလည်း နဂိုနေရာမှာ နဂိုအတိုင်း ရှိနေဆဲ။ ဆိုင်အဝင်ဝနားက နံပြားဖိုကလည်း အရင်လို ခန့်ခန့်ကြီးနေရာယူထားမြဲ။ ပြောင်းလဲသွားတာဆိုလို့ ကောင်တာမှာ ထိုင်နေတဲ့သူက ကိုယ့်အဒေါ် မဟုတ်တော့တာရယ်၊ ဦးဦးဆရာလို့ ကိုယ်ခေါ်နေကျ ဆိုင်ရှင်ကြီးက ကိုယ့်ကို မမှတ်မိတော့တာရယ်ပဲ။ ဆိုင်ထဲဝင်မိတော့ ငယ်ဘဝ၊ နန်းရှေ့သားဘဝကို ပြန်လွမ်းမိသွားတယ်ဆိုတာတော့ ဝန်ခံရမယ်။

Photo - Aung Myo Min, Wai Yan Htoon

ထုံးစံအတိုင်း ပုံကျတစ်ခွက် အရင်မှာပြီး သူငယ်ချင်းတွေကို ထိုင်စောင့်နေလိုက်တယ်။ ပုံကျဆိုတာ ပုံမှန်ကိုမှ အကျရည်နည်းနည်းပိုထည့်ထားတာ။ ခနနေတော့ မှာထားတဲ့ လဘက်ရည်ကို ကြည့်စင်နေတဲ့ ကြွေခွက်လေးနဲ့ လာချပေးတယ်။ အုပ်ထားတဲ့ ပန်းကန်ပြားလေး ဖယ်ပြီး လဘက်ရည်ကို တစ်ကျိုက်လောက် သောက်လိုက်မိတယ်ဆိုရင်ပဲ အာရုံတွေက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကို ပြန်ဆွဲခေါ်သွားတယ်။ Ratatouille ကာတွန်းကားထဲက အစားအသောက် ဝေဖန်ရေးသမားကြီးလိုပဲ။ ကိုယ်ရင်းနှီးခဲ့တဲ့ လဘက်ရည်စစ်စစ်ရဲ့ အရသာဟာ ဒါပါလားလို့ ခံစားလိုက်မိတယ်။ အတော်လည်း ကျေနပ်သွားတယ်။

ကြိုင်သင်းမှာ အဓိက နာမည်ကြီးတာက ပဲလမုန့်။  ငယ်ငယ်ကတည်းက ပဲလမုန့်သိပ်မကြိုက်တဲ့ ကိုယ်တောင် ကြိုင်သင်းကမုန့်ဆို စားတယ်။ ပြီးတော့ပူတင်း။ ပူတင်းက နာမည်ကြီးတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ဆိုင်က ပူတင်းက တခြားဆိုင်တွေနဲ့မတူအောင် ကောင်းနေတာတော့ အမှန်ပဲ။ လဘက်ရည် ကောင်းတယ်ဆိုတာတော့ အထူးပြောနေစရာမလိုတော့ပါဘူး။

နောက်ထပ် ထူးခြားတာတစ်ခုက ဂီတ။ တခြားဆိုင်တွေလို ဆောင်းဘောက်နဲ့ သီချင်းခွေတွေ ထည့်ပြီး ဖွင့်နေတာမျိုးမဟုတ်ဘူး။ ဆိုင်ရှင်ဦးလေးကြီးနဲ့ သူ့အသိတွေ စန္ဒရားတို့ စောင်းတို့ တီးနေတတ်တယ်။ ဆိုင်ရဲ့ အနောက်တောင်ထောင့်လေးမှာ စုပြီး တီးနေကြတာ အတော်လေး သာသာယာယာရှိတယ်။ စည်းနဲ့ဝါး ကိုင်တဲ့သူနဲ့ဘာနဲ့။ ကိုယ်ကလည်း လူငယ်ဆိုပေမယ့် နဂိုကတည်းက ခေတ်ဆွေးသမားဆိုတော့ လုံးဝအံကိုက်ပဲ။

အဆုံးသတ်ပြောရမယ်ဆိုရင်တော့ ကြိုင်သင်းဆိုတာ လဘက်ရည်ဆိုင် ယဉ်ကျေးမှုကို အပြည့်အဝ ခံစားလို့ရမယ့် ဆိုင်တစ်ဆိုင်ပဲ။ ဒီယဉ်ကျေးမှုကို နားလည်တဲ့ လူကြီး၊ လူငယ် တော်တော်များမျာလည်း ဒီဆိုင်မှာ စည်ကားနေတတ်တယ်။ သက်တမ်းအရလည်း ကြိုက်သင်းဆိုတာ တော်တော်သမ္ဘာရင့်နေပြီဖြစ်တဲ့ဆိုင်တစ်ဆိုင်။ ဒါကြောင့် Legendary (မြန်မာစကားလုံးမစဉ်းစားတတ်လို့) လဘက်ရည်ဆိုင်တစ်ဆိုင်လို့ပဲ သမုတ်လိုက်ပါရစေ။