ကရင်နှစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ဖတ်ဖူးတဲ့ ကရင် နှစ်သစ်ကူးအကြောင်းလေး ပြန်မျှဝေချင်ပါတယ်။ ကရင်လူမျိုးလို့ ပြောလိုက်ရင် မိန်းကလေးဆို အသားဖြူဖြူ ပါးအို့နီနီလေးတွေ ပြေးမြင်မိသလို ယောက်ျာလေးတွေဆို မေးရိုးကားကား ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်တွေကို ပြေးမြင်မိမှာပါ။ မေးရိုးကတော့ ယောက်ျာလေးရော မိန်းခလေးရော ကားတာပါပဲ။ ကရင်လူမျိုးတွေက မြန်မာ တိုင်းရင်းသားထဲမှာ တတိယမြောက် လူဦးရေအများဆုံး လူမျိုးဖြစ်ပြီး လူဦးရေ ၇ သန်းဝန်းကျင်လောက် ရှိပါတယ်။

သမိုင်းကြောင်း

မြန်မာ ပြက္ခဒိန်မှာ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးအဖြစ် သတ်မှတ်ပါတယ်။ ပြာသိုလဟာ ကောက်ပဲသီးနှံတွေ စတင်ရိတ်သိမ်းတဲ့ ကာလဖြစ်တဲ့အလျောက် ကောက်သစ်စားပွဲတွေ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီ ကောက်သစ်စားပွဲတွေနဲ့ တွဲလို့ ကရင်နှစ်သစ်ကူးကို ကျင်းပခဲ့ကြပါတယ်။

ကရင် နှစ်ကူးဟာ မြန်မာ ပြက္ခဒိန်ကိုပဲ အသုံးပြုထားတာ ဖြစ်တဲ့အတွက် လက်ရှိသုံးနေတဲ့ ဂရီဂိုရီးယန်း ပြက္ခဒိန်မှာ တိကျတဲ့ ရက်သတ်မှတ်ချက် မရှိပါဘူး။ ဒါကြောင့် ၂၀၁၈ မှာ ကရင် နှစ်ကူး မရှိခဲ့ဘဲ ၂၀၁၉ ထဲမှာ ၂ ကြိမ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကရင်နှစ်ကူးကို ၁၉၃၈ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ် ကျင်းပခဲ့ပေမယ့် ၂၀၀၉ ခုနှစ်ကျမှသာ အစိုးရ ရုံးပိတ်ရက်အဖြစ် တရားဝင် ကြေငြာခဲ့ပါတယ်။ ပထမဆုံး ကရင်နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်းကိုလည်း ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင် ထုတ်လွှင့်ခဲ့ပါတယ်။

နှစ်ကူးပွဲတော်

တခြား နှစ်ကူးတွေလိုပဲ ကရင်နှစ်ကူးကိုလည်း ပွဲတော်တွေ ကျင်းပပြီး ကြိုဆိုလေ့ ရှိကြပါတယ်။ ယခင်ကတော့ နှစ်ကူး ပွဲတော်စာအဖြစ် ကောက်ညှင်းပေါင်းနဲ့ ကရင်ခေါင်ရည် သောက်ကြလေ့ရှိတယ်လို့ သိရပါတယ်။ ခုတော့ ကောက်ညှင်းပေါင်း စားသေးလား မသိဘူး။ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဖားအံမြို့နားက ဇွဲကပင်တောင်နဲ့ ဒုံးယိမ်းအကဟာ ကရင်နှစ်ကူးရဲ့ ပြယုဂ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဇွဲကပင်တောင်ခြေမှာ ဖားစည်သံကို စည်းချက်ပြုလို့ ပုဝါလေးတွေ ဝေ့ရမ်းပြီး ဒုံးယိမ်းကရင်း နှစ်ကူးကို ကြိုဆိုလေ့ ရှိကြပါတယ်။ ရိုးရာဝတ်စုံဖြစ်တဲ့ ချည်သား အစင်းစင်းပါနဲ့ အင်္ကျီ၊ လုံခြည်၊ ခေါင်းပေါင်းတွေကို ဝတ်ပြီး ကရင်အမျိုးသား အထိမ်းအမှတ်အလံကိုလည်း လွှင့်တင်ထားလေ့ ရှိပါတယ်။

ဒီနှစ်ရဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကိုတော့ ကရင်လူမျိုးတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ကိုယ်တိုင် မိန်ခွန်းပြော ဖွင့်လှစ်ပေးတယ်လို့ သတင်းထဲမှာ တွေ့ရပါတယ်။

ဖတ်ဖူး၊ မှတ်ဖူးသမျှကတော့ ဒီလောက်ပါပဲ။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိမ်းသိမ်းတဲ့ ပွဲတော်တစ်ခုဖြစ်လို့ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူမျှဝေပါတယ်။