ကုန်ကျစရိတ်မပါဘဲ ကိုယ်ပိုင် ဘလော့တစ်ခု တည်ဆောက်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲကမှ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကို မျှဝေပေးချင်ပါတယ်။ Google ရဲ့ Blogger ကိုအသုံးပြုပြီး တည်ဆောက်တဲ့ နည်းလေးပါ။

Why Blogger

Blogger ကို ဘာလို့ သုံးရသလဲဆိုတော့

  • အခမဲ့ ဖြစ်တယ်
  • Google ကထောက်ပံ့ထားတဲ့ ပလက်ဖောင်းဖြစ်တယ်
  • အသုံးပြုရတာ လွယ်တယ်
  • Google Ads ကိုသုံးပြီး ကိုယ့် Blog ကနေ ပိုက်ဆံရှာဖို့ လွယ်တယ်
  • အခမဲ့ ကိုယ့်စိတ်ကြိုက် Sub-domain ရမယ်

Blog လုပ်ဖို့အတွက် လိုအပ်ချက်တွေကတော့

  1. ကွန်ပျူတာ (သို့မဟုတ်) Tablet တစ်လုံး
  2. အင်တာနက် ကွန်နက်ရှင်
  3. Gmail Account တစ်ခု

ကွန်ပျူတာမှာ browser တစ်ခုခုကို ဖွင့်ပါ။ Chrome, Firefox, Safari အပြင် ကြိုက်တဲ့ Browser ကို အသုံးပြုလို့ ရပါတယ်။ ဒီပို့စ်မှာတော့ Safari နဲ့ နမူနာ လုပ်ပြသွားပါမယ်။ Browser ရဲ့ URL bar မှာ https://blogger.com ကိုရိုက်ထည့်လိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။ ကိုယ့်ရဲ့ Browser မှာ Gmail Login ဝင်ထားပြီးသားဆိုရင်တော့ ဒီအဆင့်ကို မြင်ရမှာ မဟုတ်ပါဘူး။

Create Your Blog ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင် Login ဝင်ရမယ့် စာမျက်နှာကို ရောက်ပါမယ်။ ဒီနေရာမှာ Login ဝင်ဖို့ Gmail ကိုပဲ အသုံးပြုလို့ ရပါတယ်။ တခြား mail တွေ (yahoo mail, outlook mail, etc.) သုံးလို့ မရပါဘူး။ ကိုယ်အသုံးပြုနေတဲ့ Gmail နဲ့ Gmail ရဲ့ Password နဲ့ Login ဝင်ပြီးသွားပြီဆိုရင်တော့ အောက်မှာ ပြထားတဲ့အတိုင်း မြင်ရမှာပါ။ နဂိုက Browser မှာ Login ဝင်ပြီးသားဆိုရင် အပေါ်က အဆင့်တွေကို ကျော်ပြီးတော့ ဒီနေရာကို တန်းရောက်လာမှာပါ။

Create New Blog ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ကိုယ်ပိုင် ဘလော့တစ်ခု စလုပ်လို့ ရပါပြီ။

Title မှာ ကိုယ်ပေးချင်တဲ့ ကိုယ့် Blog ရဲ့ နာမည်ထည့်ပေးရပါမယ်။ “My Little Paradise”, “My Diary”, “Memo Bank”, “Yan’s Note” စသည်ဖြင့်ပေါ့။ Address မှာတော့ ကိုယ့် ဘလော့ရဲ့ လိပ်စာကို ထည့်ပေးရပါမယ်။ Browser ရဲ့ URL Bar မှာ ရိုက်ပြီး သွားလို့ရမယ့် လိပ်စာပေါ့။ (ဥပမာ - http://yansnote.com, https://blogger.com, https://facebook.com တို့လိုမျိုး)။ လိပ်စာအတွက် စည်းမျဉ်းတွေ ရှိပါတယ်။

  • အင်္ဂလိပ်လိုပဲ ဖြစ်ရမယ်
  • စာလုံးသေးတွေဖြစ်ရပါမယ်
  • Space ခြားလို့ မရပါဘူး
  • %, &, @ စတဲ့ Special Character တွေ ထည့်လို့မရပါဘူး
  • Emoji ထည့်လို့ မရပါဘူး

ဘလော့ရဲ့ လိပ်စာကဖုန်းနံပတ်လိုပဲ တစ်ခုနဲ့ တစ်ခု တူလို့မရပါဘူး။ ကိုယ်လိုချင်တဲ့ လိပ်စာကို ရိုက်ထည့်လိုက်ရင် Google က အလိုအလျှောက် နာမည်တူ ရှိသလားဆိုတာကို စစ်ပေးပါလိမ့်မယ်။ နာမည်တူရှိနေရင် လိပ်စာဖြည့်ထားတဲ့ ကွင်းဘေးမှာ အဝါရောင် အာမေဍိတ်ပုံလေး ပေါ်နေပါမယ်။

နာမည်တူ မရှိရင်တော့ အပြာရောင် အမှန်ခြစ်လေး ပေါ်နေပါမယ်။

စာဖတ်သူအနေနဲ့ လိုက်လုပ်မယ်ဆိုရင် https://yansnote.blogspot.com ကို ယူလို့ မရတော့ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော် ယူလိုက်ပြီမို့လို့ပါ။

Theme မှာလည်း ကိုယ့်ဘလော့မှာ ပေါ်စေချင်တဲ့ပုံစံ ဒီဇိုင်းကို ရွေးပေးယုံပါပဲ။ အောက်မှာ ကျွန်တော် ဖြည့်ထားတဲ့ Form ကို ပြထားပါတယ်။ ဖြည့်ထားတာတွေ မှားသွားမှာ၊ Theme ရွေးတာ မှားသွားမှာတွေ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ပြီးရင် Setting ထဲမှာ အကုန် ပြန်ပြင်လို့ ရပါတယ်။

Create Blog ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Blog တစ်ခု ဖန်တီးလို့ ပြီးသွားပါပြီ။ Browser ရဲ့ URL Bar မှာ https://[youraddress].blogspot.com ကို ရိုက်ထည့်လိုက်ရင် ကိုယ့်ဘလော့ကို မြင်ရပါပြီ။ [youraddress] ဆိုတဲ့နေရာမှာ ကိုယ်ဖြည့်ခဲ့တဲ့ လိပ်စာကို ထည့်ပေးပါ။ ကျွန်တော့်မှာတော့ https://yansnote.blogspot.com ပါ။

အခုဆိုရင်တော့ ကိုယ့်ဘလော့ကို ကမ္ဘာပေါ်က အင်တာနက်ရှိနေတဲ့ ဘယ်သူမဆို ဒီလိပ်စာနဲ့ ဝင်ကြည့်လို့ ရပါပြီ။ ဘာစာမှ မရေးရသေးတဲ့အတွက် “There is nothing here!” ဆိုပြီး ပေါ်နေတာ ဖြစ်ပါတယ်။ ဘလော့မှာ ပို့စ်တင်ဖို့အတွက် ခနက Blogger (https://blogger.com) ကို ပြန်သွားရပါမယ်။

ပုံမှာ ပြထားတဲ့အတိုင်း Posts ထဲကိုသွားပြီး New Post ဆိုတဲ့ ခလုတ်ကို နှိပ်ပါမယ်။ ဒါဆိုရင် ဘလော့ပို့စ်တင်ရမယ့်နေရာကို ရောက်ပါပြီ။ ကိုယ်ရေးချင်တဲ့ ပို့စ်ခေါင်းစဉ်ကို Title မှာ ဖြည့်ပြီး စာကိုယ်ကို body မှာ Microsoft Word မှာ ရိုက်သလိုဖြည့်လိုက်ရုံပါပဲ။ ပုံမှာ ပြထားပါတယ်။

ညာဖက် အပေါ်ထောင့်မှာ ရှိတဲ့ Publish ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ရင် ပိုစ့်တင်တဲ့ လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။ ကိုယ့်ဘလော့ရဲ့ လိပ်စာအတိုင်း (https://[youraddress].blogspot.com) ကို ဝင်ကြည့်လိုက်ရင် ကိုယ်ရေးလိုက်တဲ့ ပို့စ်ပေါ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီပိုစ့်ကိုတော့ ဒီနေရာမှာ အဆုံးသတ်လိုက်ပါမယ်။ Blogger နဲ့ ပတ်သက်လို့ နည်းနည်းခက်ခဲပြီး advance ဖြစ်တဲ့ အပိုင်းတွေကို Part 2 အဖြစ် ဆက်ပြီး ဖော်ပြပေးပါမယ်။