DMA စာမေးပွဲကြီး ပြီးသွားပြီ။ ပျော်နေလား၊ ဝမ်းနည်းနေလား ကိုယ့်ဟာကိုယ် မရေရာဘူး။ ၂ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီး ပညာတွေ သင်ကြားခဲ့တဲ့ ဒီကျောင်းတော်ကြီးမှာ သံယောဇဉ် အငွေ့အသက်တွေကတော့ ကျန်နေတယ်။

မနက်တိုင်း အစောကြီးထပြီး ကျောင်းမီအောင်တက်ရတဲ့ဒုက္ခ၊ စာမေးပွဲနားနီးလို့ ဗျာများရတဲ့ ဒုက္ခ၊ မပြီးဆုံးနိုင်တဲ့ assignment တွေ presentation တွေကြား ခေါင်းရှုပ်ရတဲ့ ဒုက္ခတွေ ကင်းဝေးတော့မှာမို့ တစ်ပိုင်းကလည်း စိတ်ချမ်းသာတယ်။ ဒီအခက်အခဲတွေနဲ့ အသားကျနေပြီမို့လို့ အေးအေးဆေးဆေးနေရမှာကို မနေတတ်ဘူး ဖြစ်နေပြန်တယ်။ ကျောင်းတက်ရတာ ပျော်တဲ့ (စာမေးပွဲဖြေရတာမပါ) ကိုယ့်အတွက် ကျောင်းပြီးသွားတာကိုလည်း စိတ်မချမ်းသာပြန်ရော။

ကျောင်းပြီးပြီဆိုမှ ဒီကျောင်း တက်ဖြစ်တဲ့အကြောင်းကို အစအဆုံး ပြန်စဉ်းစားဖြစ်တယ်။

လွန်ခဲ့တဲ့ ၃ နှစ် အလုပ်မရှိ အကိုင်မရှိ ယောင်ဝါးဝါး ဖြစ်နေတဲ့ အချိန်လောက်ကပေါ့။ အားအားယားယား မိဘလုပ်စာထိုင်စားနေရတာ ငြီးငွေ့လာတော့ ကျောင်းလေးတက်ပြီး အလုပ်ရှုပ်ချင်ယောင် ဆောင်ဖို့ စိတ်ကူးလိုက်တယ်။ အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတစ်ယောက်က Diploma of Management Adminitration တက်ပါလားဆိုပြီး သတင်းစာထဲက ခေါ်စာကိုလာပြတယ်။ အစိုးရ ကျောင်းလည်းဖြစ်တယ်၊ အချိန်ပိုင်းပဲ တက်ရမယ်၊ ဝင်ခွင့်ခက်တယ်၊ Business နဲ့ Management ကို အဓိကသင်တဲ့ အတန်းဖြစ်တယ် ဒါတွေနဲ့တင် DMA တက်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။

ကြိုတင် ပြင်ဆင်ခြင်း

ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနရဲ့ ထုံးစံအတိုင်း ဝင်ခွင့်အတွက်တောင်းတဲ့ requirement က တော်တော်လေးများတယ်။ ကျောင်းတက်ဖို့အတွက် လိုအပ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမ တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်ရယ်၊ လုပ်ငန်းအကြီးအကဲဆီက ထောက်ခံချက်ရယ်ရဖို့အတွက် တော်တော်လေးကြိုးစားလိုက်ရတယ်။ သူများ အလုပ်လည်း မလုပ်ဖူး၊ ကိုယ့်အလုပ်ကလည်း ကုမ္ပဏီလိုင်စင်နဲ့ မဟုတ်တဲ့အခါကျတော့ ထောက်ခံစာရေးခိုင်းဖို့ကို တော်တော်ခက်ခဲ့တယ်။ ကိုယ်တက်ခဲ့တဲ့ ရတနာပုံတက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခကလည်း ခရီးသွားနေတော့ ထောက်ခံစာရေးခိုင်းဖို့ မဖြစ်နိုင်ဘူး။ ၁၀ တန်း အောင်လက်မှတ်ကလည်း ပျောက်နေတော့ အမြန်ကြေးပေးပြီး ထုတ်ရတယ်။ DTSM ကလည်း အောင်စာရင်းထွက်ပြီး ဘွဲ့က မပေးသေးတော့ ဘွဲ့ထောက်ခံစာကို အမြန်ကြေးနဲ့ ထုတ်လိုက်ရတယ်။ တက္ကသိုလ် နောက်ဆုံးနှစ် အမှတ်စာရင်းနဲ့ တခြားလိုအပ်ချက်တွေကတော့ သိပ်မခက်ခဲဘဲ ပြီးသွားပါတယ်။

ဝင်ခွင့်

GMAT exam ကို တစ်ခါ ဖြေဖူးတဲ့ အတွေ့အကြုံ ရှိနေတော့ ဘာတွေ ဘယ်လိုတွေ ဖြေရမယ်ဆိုတာတော့ ကောင်းကောင်းသိတယ်။ ဒါပေမယ့် သင်္ချာဆိုတာက အရင်တစ်ခေါက် GMAT ဖြေဖို့ လုပ်တုန်းက တစ်ခါကလွဲလို့ ၁၀ တန်းအောင်ပြီးကတည်းက လုံးဝ မထိတွေ့တော့တဲ့ ဘာသာရပ်ပဲ။ ဆိုတော့ တော်တော်လေး အမီလိုက်ရတယ်။ အင်္ဂလိပ်စာနဲ့ critical reasoning ကတော့ သူမသာ ကိုယ်မသာပဲဆိုတော့ သိပ်ကိစ္စမရှိဘူး။ ဝင်ခွင့်ဖြေခါနီး ကျောင်းက ဖွင့်ပေးတဲ့ အနီးကပ် ၁၀ ရက်သင်တန်း သွားတက်ဖြစ်တယ်။ စာတွေတော်တော်ပိုင်နေတဲ့ ကျောင်းသားတွေ အများကြီးပဲ။ ဝင်ခွင့် ဖြေတဲ့သူတွေထဲကမှ အမှတ်အများဆုံးတွေကိုပဲ ရွေးခေါ်မှာဆိုတော့ သူတို့နဲ့ ယှဉ်ပြီး စာမေးပွဲဖြေရမှာ တော်တော်တောင် အားငယ်သွားတယ်။

ဘာပဲဖြစ်ဖြစ် အမှန်အကန်ကြိုးစားပြီး ဖြေခဲ့တော့ ရေးဖြေအောင်စာရင်းမှာ ရောယောင်ပြီး ပါသွားတယ်ပေါ့။ ရေးဖြေပြီးတော့ လူတွေ့။ ဒီမှာလည်း ကျကျန်ခဲ့မယ့်သူတွေက ရှိသေးတယ်။ အကုန်မခေါ်ဘူးဆိုတော့။ ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ရင် လူမှုဆက်ဆံရေး ညံ့ဖျင်းတဲ့အပြင် ဂါရဝေါစ နိဝါတောစလည်း မသိတဲ့ ကိုယ်လိုလူအတွက် လူတွေ့စာမေးပွဲကလည်း အိပ်မက်ဆိုးကြီး တစ်ခုလိုပါပဲ။ သို့ပေမယ့်လို့ ကံကြမ္မာက မျက်နှာသာပေးတော့ ကျကျန်ခဲ့တဲ့အထဲမှာ မပါသွားဘဲ အတန်းတက်ခွင့် ရခဲ့တယ်။

ကျောင်းစတက်ပြီ

လှိုင်နယ်မြေ ပတ္တမြားဆောင်ရဲ့ ထုံးစံအတိုင်း အခန်းအနားတွေ ဘာတွေနဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အကျအနကြိုဆိုတော့ ကိုယ်တွေက သွေးနားထင်တွေရောက်လို့။ စာသင်ခန်းနဲ့ သင်ထောက်ကူပစ္စည်းတွေကလည်း တော်တော်လေး အဆင်ပြေပြေ ပြည့်ပြည့်စုံစုံ ရှိနေတော့ ငါတို့ကျောင်းကြီးက တယ်မိုက်ပါလားပေါ့။ ဒါတွေက တစ်ချိန်မှာ တကယ့်ကုန်ပေါက်တွေ ဖြစ်လာမယ်လို့ သိမှမသိခဲ့တာ။ ကျောင်းရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ယောင်တောင်တောင်နဲ့ DMA တန်းခွဲ ၆၃ ကိုယ်စား ကျေးဇူးတင်စကား ပြောလိုက်တာ ၂ နှစ်စာလုံး ထန်းတက်လက်မှတ် ရသွားတော့တာပဲ။

စာမေးပွဲ

DMA မှာ ၂ နှစ်စာအတွက် အလွတ်ဖြေ စာမေးပွဲ ၈ ကြိမ်ဖြေရတယ်။ နဂိုတည်းက စာမတော်တဲ့သူဆိုတော့ ၈ ကြိမ်လုံးမှာ ယက်ကန်ယက်ကန်ပါပဲ။ စာမေးပွဲတစ်ခါဖြေတိုင်းလည်း မအိပ်နိုင်၊ မစားနိုင်၊ ဆံပင် မဖြီးနိုင်၊ မုတ်ဆိတ်မရိတ်နိုင်လောက်အောင် ဖိစီးခဲ့တာချည်းပဲ။ သို့ပေမယ့် ရသမျှကြိုးစားပြီး ဖြေခဲ့လို့ ပထမနှစ်ကိုတော့ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တယ်။ နောက်ဆုံးနှစ်အတွက်ကတော့ ဘုရား နာနာရှိခိုးရင်း အောင်စာရင်းထွက်မယ့်နေ့ကို စောင့်နေဆဲ။

ခရီးထွက်ကြပြီ

အတန်းထဲကလူတွေစုပြီး ငွေဆောင်ကို ခရီးထွက်ခဲ့တာတော့ တကယ့်မှတ်မှတ်ရရပါပဲ။ စင်းလုံးငှားထားတဲ့ မှန်လုံကားရဲ့ နောက်ဆုံးခုံတွေက ထူးထူးခြားခြား ကားမှန်ဖက်ကို ကျောပေး၊ အတွင်းဖက်ကို မျက်နှာချင်းဆိုင်ထားတယ်။ အလယ်မှာ စားပွဲခုံ တစ်လုံးပါတယ်။ ဘာပြောကောင်းမလဲ တစ်လမ်းလုံး ချစ်ဆိပ်ရေလေးမှီဝဲရင်း ဂဏန်းတွေ ပေါင်းကြတာဆိုတာ ငွေဆောင်ရောက်တဲ့အထိပဲ။ စီးပွားရေးတက္ကသိုလ် ကျောင်းသားတွေလို့ မပြောရဘူး ကိုယ်တိုင် ဂဏန်းမပေါင်းဘဲ investor လုပ်တဲ့သူတွေက ပါသေးတယ်။

ပွဲပေါင်း သောင်းခြောက်ထောင်

ပတ္တမြားသူ၊ ပတ္တမြားသားနဲ့ အခမ်းအနားဆိုတာ ခွဲထားလို့မရတဲ့ အရာ ၂ ခုပါပဲ။ ပတ္တမြားဆောင်မှာ မောင်မယ်သစ်လွင် ကြိုဆိုပွဲကစလို့ ကထိန်ပွဲ၊ ဆရာကန်တော့ပွဲ၊ ဝါဆိုသင်္ဃန်းကပ်ပွဲ၊ သင်္ကြန်ပွဲ၊ နှုတ်ဆက်ပွဲ၊ ညစာစားပွဲ စတဲ့စတဲ့ ပွဲပေါင်းများစွာ ကျင်းပလေ့ရှိပါတယ်။ ဒါသည်ပင်လျှင် ပတ္တမြားဆောင်ရဲ့ ပြယုဂ် တစ်ခုဖြစ်နေပါတယ်။ ပွဲတိုင်းက ကျောင်းသူကျောင်းသားတွေရဲ့ စီမံခန့်ခွဲမှုကို လေ့ကျင့်ပေးနေသလို အချင်းချင်း connection လည်း ရသွားစေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ connection က တော်တော်လေး အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ​ငွေကုန်ကြေးကျ များတယ်ဆိုပေမယ့် လက်တွေ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုမှာ လိုအပ်တဲ့ အရာတွေ ဖြစ်လို့ လုပ်သင့်တယ်လို့ ထင်ပါတယ်။

Case Study

Postgraduate အတန်း ဖြစ်တာနဲ့အညီ အတန်းပြီးရင် စာတမ်းဖြစ်စေ ကျမ်းဖြစ်စေ တစ်မျိုးမျိုးတော့ တင်ရတာပဲ။ DMA မှာတော့ Case Study လို့ ခေါင်းစဉ်တပ်ထားတယ်။ 3 Myanmar Business Case ပေါ့။ ဒါပေမယ့် case Study အဆင့်ထက် အများကြီးကို ပိုပါတယ်။ တစ်နှစ်လုံးစာ သင်ထားတဲ့ ဘာသာရပ်တွေကို တစ်စုတစ်စည်းတည်း ပါအောင် ကုမ္ပဏီ ၃ ခုကို သုတေသန လုပ်ခိုင်းတဲ့ပုံစံမျိုးပါပဲ။ Goals and Objectives , Missions and Visions တွေ ပါမယ်၊ ဘယ်လို Organization Structure ကို သုံးထားတယ် ဆိုတာမျိုးတွေ၊ Statistic Data တွေ ပါမယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ လုပ်ငန်းဆိုင်ရာ ပြဿနာ တစ်ခုပါမယ်။ ဒီလိုပုံစံမျိုး ရေးခိုင်းတာပါ။ ကျောင်းက နိုင်ငံတကာ အသိအမှတ်ပြု ISO ဆိုလား ဘာဆိုလား ရထားတော့ အဲ့စံနှုန်းနဲ့ ညီအောင် စာတမ်းတွေကို လိုက်ပြင်ခိုင်းတာတော့ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။

နိဂုံးချုပ်

Diploma အတန်းတွေထဲမှာမှ ထူးထူးခြားခြား ၂ နှစ်တက်ရတဲ့ Advance Diploma တန်းဖြစ်တဲ့အပြင် စာမေးပွဲ၊ assignment၊ presentation၊ paper နဲ့ activity အမျိုးမျိုးကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတဲ့အတွက် ဒီဘွဲ့ကို တန်ဖိုးထားမိတာ အမှန်ပဲ။ သီအိုရီနဲ့ လက်တွေ့ကိုပေါင်းစပ်ဖို့ အမြဲတမ်းကြိုးစားနေတဲ့ ကိုယ့်အတွက်တော့ သင်ခဲ့ရတဲ့ ဘာသာရပ် ၁၉ ခုလုံးက တကယ့်လက်တွေ့မှာ အသုံးဝင်တဲ့ ဘာသာရပ်တွေ ဖြစ်နေတယ်။ Hexcores Web and Mobile Studio ကို ဦးဆောင်နေတုန်းက မတက်မိလေခြင်းလို့ ခဏခဏတွေးမိတယ်။ အခုတော့ Business Analysts တစ်ယောက်ဖြစ်နေတဲ့ ကိုယ့်အတွက် DMA ကတန်ဖိုးမဖြတ်နိုင်တဲ့ အတန်းတစ်တန်းပါပဲ။

DMA ပတ်ပျိုး ဤတွင် တစ်ခန်းရပ်။