2019 နှစ်လယ်လောက်ကစပြီး စာဖတ်ဖြစ်အောင် ပြန်လေ့ကျင့်ရင်း ဖတ်ဖြစ်တဲ့ စာအုပ်တွေအကြောင်းကိုလည်း Review လေးတွေရေးဖြစ်တယ်။ နှစ်ကုန်ပိုင်းလောက်မှာ စာဖတ်အား နည်းနည်းတိုးတက်လာပြီး အုပ်ရေစိတ်လာတယ်။ ဒါကြောင့် တစ်အုပ်ချင်းစီ Review မရေးတော့ဘဲ အကုန်ပေါင်းပြီး ရေးလိုက်ရပါတယ်။

နှစ်ကြောင်းရေး တစ်ကြောင်းခြစ်

ဒီစာအုပ်အကြောင်းကတော့ မှတ်စုတစ်ခု သပ်သပ်ရေးခဲ့ပြီးသား ဖြစ်ပါတယ်။ အောက်က လင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ်။

နှစ်ကြောင်းရေး တစ်ကြောင်းခြစ်
ဒီရက်ပိုင်းမှာ ဖတ်ဖြစ်တဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ဆိုတဲ့ စာအုပ်လေးအကြောင်း review အဖြစ် တင်ပေးလိုက်ပါတယ်။

စာရေးနည်း လမ်းညွှန်

ဒီစာအုပ်ကလည်း နှစ်ကြောင်းရေး တစ်ကြောင်းခြစ်နဲ့ တင်ပြပုံ ခပ်ဆင်ဆင်ပါပဲ။ သူကတော့ ဘာသာပြန်မဟုတ်ဘဲ မြန်မာစာရေးဆရာတွေရဲ့ ဟောပြောချက်တွေ၊ သင်ကြားပို့ချမှုတွေကို ပြန်ပြီး စုစည်းထားတာဖြစ်ပါတယ်။ အခြေခံ မြန်မာကဗျာရေးနည်းလည်း တစ်စွန်းတစ်စ ပါတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ Blog ပဲဖြစ်ဖြစ်ပေါ့ အပျော်တမ်း စာလေး၊ ပေလေး နည်းနည်းပါးပါး ရေးချင်တယ်ဆိုရင် နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ရယ်၊ စာရေးနည်းလမ်းညွှန်ရယ် ၂ အုပ်ကိုတော့ မဖြစ်မနေ ဖတ်သင့်ပါတယ်။

ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ

ဒီစာအုပ်အကြောင်းလည်း မှတ်စုတစ်ခု ရေးခဲ့ဖူးပါတယ်။ အောက်က လင့်ခ်မှာ ဖတ်ကြည့်လို့ရပါတယ်။

ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများ
ကျွန်ုပ်သည် အလုပ်ပိတ်ရက်များတွင် ကာဖီဆိုင်၌ တစ်ကိုယ်တည်း စာထိုင်ဖတ်လေ့ရှိသည်။ ဒီတစ်ခေါက်ဖတ်မိသည်မှာ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများ ဖြစ်သည်။ အလွန်ကောင်းသော စာတစ်အုပ် ဖြစ်၏။

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

https://www.goodreads.com/book/show/29435283

ဒီစာအုပ်ကတော့ ဆရာမ နုနုရည် (အင်းဝ) ရဲ့ နာမည်ကြီး စာအုပ်တွေထဲက တစ်အုပ်ပါ။ တောင်ပြုံးပွဲကို နောက်ခံထားပြီး ရေးထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ တောင်ပြုံးအပါအဝင် နတ်ပွဲတွေကို အမှီပြုနေကြတဲ့ စီးပွားရေး၊ လူမှုရေး၊ ယုံကြည်ကိုးကွယ်မှုတွေကို ထဲထဲဝင်ဝင် လေ့လာပြီး ရေးထားတာဖြစ်လို့ တော်တော်လေး ဗဟုသုတရတဲ့ စာအုပ်ပါ။ နတ်ကတော်တွေရဲ့ ဘဝနဲ့ လူနေမှုပုံစံတွေကိုလည်း ကွင်းကွင်းကွက်ကွက် မြင်အောင် ရေးပြထားနိုင်တယ်။ သုတရော ရသရော ၂ မျိုးလုံး ပြည့်ပြည့်ဝဝ ရစေမယ့် စာအုပ် တစ်အုပ်ပါပဲ။

မိုးမိုး (အင်လျား) မဂ္ဂဇင်း ဝတ္ထုရှည်များ

ဆရာမ မိုးမိုး (အင်းလျား) ရဲ့ ဝတ္ထုတော်တော်များများက သာမန်နဲ့ လက်လုပ်လက်စား အသိုင်းအဝိုင်းကို နောက်ခံထားပြီး ရေးတာများပါတယ်။ လက်တွေ့ဆန်ပြီး ရိုးရှင်းတဲ့ ဇာတ်လမ်းတွေများပါတယ်။ အခြေခံ လက်လုပ်လက်စားတွေရဲ့ နေ့စဉ် လှုပ်ရှားရုန်းကန်နေပုံကိုပဲ ရိုးရိုးလေး ဖော်ပြထားတဲ့ဇာတ်လမ်းမျိုးတွေ များပါတယ်။

ကျွန်တော်ကတော့ ဒီတစ်အုပ်ဖတ်ပြီး ဆရာမ မိုးမိုး (အင်းလျား) ရဲ့ ဝတ္ထုတို၊ ဝတ္ထုလတ်တွေကို နောက်ထပ် မဖတ်ချင်တော့ဘူး။ လောကမှာက လူတစ်ခု ပူမှုရယ် ဆယ်ကု‌ဋေ သောကပွေနေကြသူချည့်ပဲ။ ကိုယ့်ဘဝနဲ့ကိုယ်တောင် အပူ၊ အမောတွေများနေတာ အရေးအသားကောင်းတဲ့ ဒီလို ဝတ္ထုမျိုးတွေ ဖတ်မိရင် သူများအပူပါ ကိုယ့်ကို လာဟပ်နေသလို ခံစားရတယ်။ နှလုံးသားနုပြီး ခံစားလွယ်တတ်တဲ့ ကိုယ်လိုလူနဲ့တော့ မဖြစ်ပါဘူး။

Hit Refresh

https://en.wikipedia.org/wiki/Hit_Refresh#/media/File:Hit-refresh-book-cover.jpg

ကိုစေတန် Blog မှာ Review ရေးထားတာတွေ့လို့ ဖတ်ဖြစ်တဲ့ စာအုပ်ပါ။ ပုံမှန်ဆိုရင် Technical စာအုပ်မဟုတ်ရင် အင်္ဂလိပ်စာအုပ်တွေကို မဖတ်ဘူး။ ဘာသာပြန်ထားတဲ့ ဝတ္ထုတွေလည်း မဖတ်ဘူး။ ဒီစာအုပ်ကတော့ ပထမဆုံးအကြိမ် အင်္ဂလိပ်စာအုပ်ကို ပြီးအောင် ဖတ်ဖူးခြင်းပဲ။ ရေးတဲ့သူက Microsoft ရဲ့ တတိယမြောက် အမှုဆောင်အရာရှိချုပ် Satya Naddala ပါ။ Microsoft Corporation ကြီးမှာ အရိုးစွဲနေတဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြောင်းလဲခဲ့တယ်ဆိုတဲ့အကြောင်းကို အဓိကထား ရေးထားပါတယ်။ စာအုပ်ရဲ့နာမည်ကို Hit Refresh လို့ပေးလိုက်တာကတော့ အလိုက်ဖက်ဆုံးပါပဲ။

ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်တော့ အရမ်းပျင်းဖို့ကောင်းပါတယ်။ စာဖတ်အား သိပ်မကောင်းသေးတဲ့သူဆိုရင်တော့ ပြီးအောင်ဖတ်ဖို့ ခက်ပါလိမ့်မယ်။ Microsoft ရဲ့ Culture ကို ပြင်တဲ့အပိုင်းတွေ၊ ကုမ္ပဏီရဲ့ ပြဿနာကို တင်ပြတဲ့အပိုင်းတွေ စိတ်ဝင်စားစရာ ကောင်းပေမယ့် အဲ့အပိုင်းတွေက စာအုပ်တစ်အုပ်လုံးရဲ့ ၃၀% လောက်ပဲ ပါပါတယ်။ ကျန်တာက သူဘယ်လိုကြောင့် ဒီလိုတွေ လုပ်ခဲ့ကြောင်း၊ ဘာကြောင့် ဒီဆုံးဖြတ်ချက်တွေ ချခဲ့ကြောင်းကို သိုင်းဝိုင်းပြီး ရေးထားတာပါ။ သူ့ရဲ့ငယ်ဘဝ၊ သူ့မိသားစုအကြောင်း၊ အစည်းအဝေးတွေ၊ နည်းပညာရေစီးကြောင်းတွေအကြောင်း စုံနေအောင် ထည့်ရေးထားပါတယ်။

ပျင်းစရာကောင်းပေမယ့် ဖတ်နိုင်မယ်ဆိုရင်တော့ တော်တော်ဗဟုသုတ ရမယ့်စာအုပ်ပါ။ Culture Change အပြင် Artificial Intelligence, Machine Learning, Cloud Computing, Quantum Computing တွေအကြောင်းကို တော်တော်လေး ထည့်ရေးထားပါတယ်။

နာရန်ဒရာ မိုဒီ

https://bit.ly/2ZZqB4U

ထူးထူးခြားခြား ကိုယ့်အဖေကိုယ်တိုင်က ဒီစာအုပ်ကို ဖတ်ကြည့်ပါလို့ ညွှန်းလို့ ဖတ်ဖြစ်တဲ့ စာအုပ်။ ဒီ့မတိုင်ခင်က နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို စိတ်မဝင်စားတဲ့အတွက် ဒါမျိုးစာအုပ်ဆို ကိုင်တောင်မကြည့်ဖြစ်ဘူး။ ဒါပေမယ့် ဒါကနိုင်ငံရေး စာအုပ်မဟုတ်သလို နိုင်ငံရေးသမားတစ်ယောက်အကြောင်းလည်း မဟုတ်ဘူး။

နာရန်ဒရာမိုဒီဆိုတာ အိန္ဒိယနိုင်ငံရဲ့ ၁၄ ယောက်မြောက် ဝန်ကြီးချုပ်ပါ။ နိုင်ငံတော်ဝန်ကြီးချုပ် မဖြစ်ခင်မှာလည်း ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တခြားကဏ္ဍတွေမှာလည်း နိုင်ငံတော်အတွက် အမှုထမ်းခဲ့သူပါ။ အိန္ဒိယ နိုင်ငံ့ဝန်ထမ်းတွေကြားမှာ သူများနဲ့မတူဘဲ ထူးထူးခြားခြား အတွေးအခေါ်ရှိသူတစ်ယောက်။ ဒါကြောင့် လူချစ်လူခင်များသလို မုန်းတဲ့သူလည်း များတယ်။

ဒီစာအုပ်ဖတ်ပြီး ရလိုက်တဲ့ အနှစ်သာရက ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်နဲ့ အိုင်ဒီယာတွေပဲ။ ထူးခြားတဲ့ အတွေးအခေါ်နဲ့ အိုင်ဒီယာတွေကို အကောင်အထည်ဖော်ဖို့ စွန့်လွှတ်ခဲ့ရတာတွေ၊ စတေးခဲ့ရတာတွေ၊ ပြတ်သားခဲ့ရတာတွေအများကြီး ရှိတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံအတွက် အများကြီး စွမ်းဆောင်နိုင်ခဲ့တယ်။ ဟိုချီမင်းလိုပဲ မိန်းမ မရှိတဲ့ လူပျိုကြီး ဖြစ်နေလို့လည်း ပါမှာပေါ့လေ။

လီကွမ်ယု၏ နားဝင်မချိုသော အမှန်တရားများ

နာရန်ဒရာမိုဒီကို ဖတ်ရင်း အရှိန်ရသွားလို့ ဆက်ဖတ်ဖြစ်တဲ့ စာအုပ်ပါ။ တော်တော်လေးကောင်းပါတယ်။ လူတိုင်း ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။ အထူးသဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်နေတဲ့သူတွေပေါ့။

ပုံစံကတော့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုနဲ့ အမေးအဖြေတွေကို စုစည်းဖော်ပြထားတဲ့ ပုံစံမျိုးပါ။ နိုင်ငံတော် တာဝန်တွေတင်မကဘဲ သူ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စရပ်တွေပါ ကဏ္ဍပေါင်းစုံ ပါဝင်ပါတယ်။ ဒီစာအုပ်ဖတ်ပြီးတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်နိုင်ငံမှာ ဒီလို လူမျိုးမရှိတာ တစ်ချက်။ နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံက ဒီနေ့ စင်ကာပူကိုမီဖို့ နောက်ထပ် ဆယ်စုနှစ် တစ်နှစ် (သို့) အစိုးရသက်တမ်း နောက်ထပ် ၂ နှစ်မှာတောင် မဖြစ်နိုင်ဘူး။ ကျော်တက်ဖို့ဆိုတာကတော့ စဉ်းကို မစဉ်းစားသင့်။

ဘာသာပြန်တဲ့သူကိုလည်း အများကြီး ကျေးဇူးတင်ရမယ်။ ဘာသာပြန်ထားတာ‌ တော်တော်လေး ချောပါတယ်။ ပြီးတော့ Professional ကျကျပဲ ဘာသာပြန်ထုတ်ဝေဖို့လည်း လီကွမ်ယုကိုယ်တိုင်ရဲ့ ခွင့်ပြုချက်ကို ရအောင် ယူထားတယ်။

မင်းဒင်ရဲ့ သက်ခိုင်

ဒီစာအုပ်ကတော့ ခရီးတွေ ဆက်တိုက်ထွက်နေရတာနဲ့ ခုထိ ဖတ်လက်စ တန်းလန်းကြီး ဖြစ်နေတုန်းပဲ။ ဖတ်ပြီးသလောက် ပြောရရင်တော့ လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ နာမည်ကြီးသလို ဖတ်လို့လည်း ကောင်းပါတယ်။ အရမ်းကြီး ကြိုက်တဲ့အထဲတော့ မပါဘူး။ စာလုံးသေးပြီး စာအုပ်ကလည်း ထူတော့ ဖတ်စရာတော့ တော်တော်လေးရတယ်။

သူဘယ်သူလဲ

သိုးဆောင်းရဲ့ လုံးချင်းဝတ္ထုပါ။ သိုးဆောင်းဝတ္ထုတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းက ခပ်ဆန်းဆန်း၊ ခပ်ရှုပ်ရှုပ်လေးပေါ့။ ဝတ္ထုဆိုပေမယ့် သူ့ဝတ္ထုတွေမှာ အထူးအဆန်း ဗဟုသုတလေးတွေ တော်တော်ရတတ်တယ်။ အိုင်ဒီယာရောပေါ့။ ဒါ‌ကြောင့် အရင်ကတော့ သိုးဆောင်း ဝတ္ထုတွေ တော်တော်ကြိုက်ခဲ့ဖူးတယ်။ တော်တော်များများလည်း ဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အသက်လေး နည်းနည်းရလာတော့ သူ့ဝတ္ထုတွေက ကလေးဆန်တယ်လို့ မြင်လာပြီး မဖတ်ဖြစ်တော့ဘူး။ သူဘယ်သူလဲ ဝတ္ထုကလည်း နည်းနည်းတော့ ကလေးဆန်တယ်လို့မြင်မိတယ်။ သင်္ချာနဲ့ဆိုင်တဲ့ ပဟေဠိလေးတွေပါတာကိုတော့ တော်တော်လေးသဘောကျတယ်။ ကိုယ်ကမဟုတ်လည်း လျှောက်တွေးနေတတ်တဲ့သူဆိုတော့။

နည်းပညာစာအုပ်တွေနဲ့ တခြား သိပ်အရေးမပါတဲ့ စာအုပ်တွေအကြောင်းကိုတော့ ထည့်မရေးတော့ပါဘူး။ ဖြစ်နိုင်ရင်တော့ Review ရေးထားတဲ့ စာအုပ်လေးတွေကို ဖတ်စေချင်ပါတယ်။ စာအုပ် Review တွေ ရေးနေရခြင်းအကြောင်းကလည်း တစ်ယောက်တစ်လေပဲဖြစ်ဖြစ် စာဖတ်ချင်စိတ်လေး ဖြစ်သွားစေချင်လို့ပါ။ နောက်ထပ်လည်း ဖတ်သင့်တဲ့ စာအုပ်လေးတွေ Review ရေးပေးပါဦးမယ်။